News

POST TYPE

LATEST NEWS POST

အသက် ၁၃ နှစ် အရွယ်ကလေးအား မီးရှို့ခဲ့သူကို အပြင်းအထန်နာကျင်စေမှုဖြင့် အမှုဖွင့်
24-Feb-2020

ဓာတ်ပုံ - ဦးထွေးမြင့်   ပုံစာ - လပွတ္တာဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဖိုးစနေကိုတွေ့ရစဉ်။

ပုသိမ်၊ ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်း လပွတ္တာမြို့နယ် အမှတ် ၁ ရပ်ကွက်မှ အသက် ၁၃ နှစ်အရွယ်ကလေးတစ်ဦးအား မီးရှို့ခဲ့သူကို ပုသိမ်မြို့အခြေစိုက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီက လပွတ္တာမြို့မရဲစခန်းတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အမှုဖွင့်တိုင်ကြားထားကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အမှတ် ၁ ရပ်ကွက် စည်ပင်သာယာလမ်းရှိ တုနှိုင်းမမှီ ထမင်းနှင့်ရခိုင်မုန့်တီဆိုင်၌ မိခင်ဖြစ်သူနှင့် အတူဆိုင်အကူအဖြစ် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၃ နှစ်အရွယ် မောင်ဖိုးစနေအား ဆိုင်မှ ငွေ ၈ သောင်း ခိုးယူသည်ဟု စွပ်စွဲကာ အသက် ၃၆ နှစ်အရွယ် ဆိုင်ရှင် ဒေါ်ချိုချိုဆန်းက မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရ၍ ဥပဒေနှင့်အညီအရေးယူပေးနိုင်ရန် တိုင်ကြားရခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးက ပြောကြားသည်။

“ဒီသတင်းကို လူမှုကွန့်ရက်မှာစတွေ့တယ်၊ နယ်မြေခံ မိတ်ဖက်အဖွဲ့အစည်းတွေကလည်း သတင်းပေးလို့ မျက်မြင်တွေ့ရအောင်ဆိုပြီး ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ကသွားကြည့်တယ်၊ တွေ့တဲ့အချိန်မှာ ကလေးခေါင်းမှာ မီးလောင်းထားတဲ့ပုံစံမျိုးတွေတယ်၊ ကလေးကိုတော့မမေးရသေးဘူး၊ ကလေးမိခင်ကိုမေးတော့ ဟင်းရည်အိုးလောင်တယ်လို့ပြောတယ်၊ ခေါင်းကိုတော့ မီးဖို့ကထင်းချောင်းနဲ့ထိမိတယ်လို့ပြောတယ်။ ပတ်ဝန်းကျင်ကို စုံစမ်းကြည့်လိုက်တော့ မီးနဲ့ရှို့တာလို့ပြောတယ် မျက်မြင်သက်သေတွေလည်းရှိပါတယ် အဲ့တာကြောင့် အမှုဖွင့်ခဲ့တာ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ည ၁၁ နာရီခန့်ဖြစ်ပွားခဲ့သော်လည်း ခရီးသွားနေသဖြင့် ဖေဖေါ်ဝါရီလ ၂၀ ရက် နေ့မှ သိရှိရကြောင်း၊ ပထမဦးစွာ ကလေးငယ်ကို ဓါးဖြင့်ထောက်၍ မေးမြန်းနေကြောင်း၊ ထို့နောက် ခန္ဓာကိုယ်ကို အရေတစ်ခုလောင်းကာ မီးခြစ်ကိုခြစ်ပြပြီးမေးမြန်းရာမှ ကလေးငယ်ကို မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း ရပ်ကွက်တွင်းမှ မျက်မြင်တွေ့ရှိသူများပြော၍ သိရှိရကြောင်း အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်က The Voice သို့ ပြောကြားသည်။

“ကလေးတစ်ကိုယ်လုံး ပတ်တီးတွေနဲ့ မြင်မကောင်းဘူး ဆံပင်ကို မီးစွဲလောင်ထားတာတွေ့တယ်၊ ရဲစခန်း ကိုပြောတော့ ဆိုင်ရှင်ရယ် ကလေးမိခင်ရယ် ကလေးရယ်က ဟင်းရည်ပူလောင်တာပြောလို့ အမှုဖွင့်မရဘူးပြောတယ်၊ ကလေးအပေါ်ပိုင်း၊ မီးလောင်တော့ ကလေးကအပြင်ထွက်ပြေးပြီး လမ်းမပေါ်က သဲတွေနဲ့လူးတယ်၊ အဲ့အနားက အိမ်ကိုသွားကပ်တာ အသားစတွေတောင် ကျန်ခဲ့ပါတယ်၊ အဲ့တာတွေကိုလည်း သက်သေအထောက်အထားယူထားပါတယ်။ ကျွန်တော်အနေနဲ့ ကလေးကို ဓာတ်ပုံရိုက်ပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို သတင်းပို့ခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင်တုနှိုင်းမမှီ ထမင်းနှင့် မုန့်တီဆိုင်ပိုင်ရှင် ဒေါ်ချိုချိုစန်းကို လပွတ္တာမြို့မရဲစခန်းမှ အာမခံပေး၍ မရသည့် ရာဇသတ်ကြီးပုဒ်မ ၃၂၆ (အပြင်းအထန်နာကျင်စေမှု) ဖြင့် အမှုဖွင့်ထားကြောင်း၊ လက်ရှိတွင် သက်သေများကို စစ်ဆေးနေဆဲဖြစ်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ထွန်းရွှေက ပြောကြားသည်။

လက်ရှိတွင် ဆိုင်အလုပ်သမား မောင်ဖိုးစနေသည် အပူလောင်ဒဏ်ရာများဖြင့် လပွတ္တာဆေးရုံတွင် ဆေးကုသခံယူနေကြောင်း၊ ယင်းဖြစ်စဉ်ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲနှင့် ဧရာဝတီတိုင်း လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးနေကြောင်း ဧရာဝတီတိုင်း ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီထံမှ သိရသည်။