News

POST TYPE

LATEST NEWS POST

ဗိုလ်ချုပ်ကြီး တင်ဦး နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တို့ကို တပ်မတော်နေ့တက်ရောက်ရန် ဖိတ်ကြားမည်
22-Feb-2020


နေပြည်တော်၊  ဖေဖောဝါရီ  ၂၂ 

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ်ထမ်းဆောင်ခဲ့သူ (၇)ဦးအနက် သက်ရှိထင်ရှားရှိနေသော ဗိုလ်ချုပ်ကြီး တင်ဦး နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တို့ကို ၇၅ နှစ်မြောက် တပ်မတော်နေ့ စိန်ရတု အခမ်းအနားသို့တက်ရောက်ရန် ဖိတ်ကြားမည်ဖြစ်ကြောင်းသတင်းမှန်ပြန်ကြားရေးအဖွဲ့ ထံမှသိရသည်။ 

“တပ်မတော်ရဲ့ ၇၅ နှစ်ဆိုတဲ့ သက်တမ်းက တကယ်ကြုံတွေ့ရဖို့ခက်ခဲတဲ့ကာလဖြစ်ပါတယ် တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ်တွေကို လေးလေးစားစား ဖိတ်ကြားသွားရန်အစီအစဉ်ရှိကြောင်း” တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။

"တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကလောမြို့ခရီးစဉ်မှာ ဗိုလ်ချုပ်စမစ်ဒွန်း မိသားစုတွေကိုဖိတ်ကြားပြီးဖြစ်ပါတယ် ပြောရမယ်ဆိုရင် တပ်မတော်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကိုထမ်းဆောင်ခဲ့တဲ့သူတွေပေါ့  ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးမရခင်ကတည်းက တပ်မတော်ရဲဖခင်ကြီးဖြစ်တယ် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့သူ (၇)ယောက်ရှိတယ် အခု ကျွန်တော်တို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က (၈)ယောက်မြောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်တယ် ကျွန်တော်တို့အနေနဲ့ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနဲ့ပတ်သက်ပြီးတော့ လေးလေးစားစားဖိတ်ကြားသွားဖို့အစီအစဉ်ရှိတယ်" ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောသည်။



မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနစ်မှစတင်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအဖြစ် ဗိုလ်ချုပ် စမစ်ဒွန်း ၊ ဗိုလ်ချုပ်ကြီး နေဝင်း ၊ ဗိုလ်ချုပ်ကြီး စန်းယု ၊ ဗိုလ်ချုပ်ကြီး တင်ဦး ၊ ဗိုလ်ချုပ်ကြီး သူရကျော်ထင် ၊ ဗိုလ်ချုပ်မှူးကြီး စောမောင် ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တို့ တာ၀န်ထမ်းဆောင်ခဲ့ကြပြီး လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မှာ အဌမ မြောက်ဖြစ်သည်။ 

၁၉၄၆ ခုနှစ်မှ စတင်၍  တော်လှန်ရေးနေ့စစ်ရေးပြအခမ်းအနားကိုလုပ်ဆောင်ခဲ့ရာ ၁၉၅၅ ခုနှစ် ၁၀ နှစ်မြောက်နေ့တွင် ရန်ကုန် မြင်းပြိုင်ကွင်းအဟောင်း၌ ပြုလုပ်ခဲ့ကြောင်း ၊ ပါလီမန် ဒီမိုကရေစီအစိုးရ လက်ထက် ၁၉၅၅ တပ်မတော်နေ့ သတ်မှတ်ကာ ၁၉၅၅ ခုနှစ်ကစပြီး မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့အဖြစ်လည်းကောင်း မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်တွင် တော်လှန်ရေးနေ့အဖြစ် ကျင်းပခဲ့သည်။ 

မင်းသုခိုင်