News

POST TYPE

LATEST NEWS POST

အလုပ်သမားအရေးဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူရှစ်ဦးကို အမိန့်ချ
22-Feb-2020


မန္တလေး၊ ဖေဖော်ဝါရီ ၂၂

လွန်ခဲ့သောတစ်နှစ်ခန့်က မန္တလေးမြို့တော်၌ အလုပ်သမားအခွင့်အရေးဆန္ဒထုတ်ဖော်ရာတွင်ပါဝင်ခဲ့သည့် အလုပ်သမား ခေါင်းဆောင်ရှစ်ဦးကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပြည်ကြီးတံခွန်တရားရုံးက ထောင်ဒဏ် ၇ ရက် (သို့မဟုတ်) ဒဏ်ငွေ တစ်သောင်းကျပ်ပေးဆောင်ရန် အမိန့်ချခဲ့သည်။

မိမိတို့အနေဖြင့် ထောင်ဒဏ် ၇ ရက်အစား ဒဏ်ငွေတစ်သောင်းကျပ်ကို ရွေးချယ်ခဲ့ကြောင်း မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က ပြောကြားသည်။



ယင်းအလုပ်သမားဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သူ ကိုနေလင်းအောင် ၊ ဦးသောင်းညွှန့်၊ ဒေါ်စိုးနန္ဒာမြင့် ၊ ဒေါ်ဖြိုးစန္ဒာစိုး ၊ ဦးတင့်ရှိန်စိုး ၊ ကိုသက်နှင်းအောင် ၊ ကိုသူရ ၊ ဒေါ်စုစုနိုင် တို့သည် ဒေသန္တရအမိန့်ကိုဖောက်ဖျက်ခဲ့သည့်အတွက် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

ယင်းသို့ ပြစ်ဒဏ်ချခံရသူရှစ်ဦးအပါအဝင် အလုပ်သမားများသည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်က အလုပ်သမား တရားရုံးများပေါ်ပေါက်ရေး၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းရေး၊ နိုင်ငံ့ဝန်ထမ်းများအား အလုပ်သမားအငြင်းပွာမှုဥပဒေတွင် ထည့်သွင်းရေး၊ ဆောက်လုပ်ရေးအလုပ်သမားများအားကန့်သတ်သည့် ညွှန်ကြားချက်များဖျက်သိမ်းရေး၊ အထူးစီးပွားရေးဇုန် လုပ်သားများ ဥပဒေအကာအကွယ်ရရှိရေး၊ အလုပ်သမားဥပဒေများကို ILO စံနှုန်းနှင့်အညီပြင်ဆင်ရေး၊ ILO ပြဌာန်းချက် (၉၈) အား အစိုးရမှ လက်မှတ်ရေးထိုးပေးရေး၊ မန္တလေးတိုင်းအတွင်း အလုပ်သမားဝန်ကြီးခန့်အပ်ပေးရေး စသည့် တောင်းဆိုချက်များဖြင့် လမ်းလျှောက်တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

S-02