News

POST TYPE

LATEST NEWS POST

ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းလိုက်သည့်အတွက် လုံခြုံရေးအရ စိုးရိမ်ရဟုဆို
22-Feb-2020


ဓာတ်ပုံ-ဇော်မိုးလွင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ 

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းလိုက်သည့်အတွက် လုံခြုံရေးအရ စိုးရိမ်ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က ပြောဆိုသည်။

ဆိပ်ကမ်းမြို့နယ်သည် ရန်ကုန်မြို့တော်၏ နိုင်ငံခြားပင်လယ်ကူးသင်္ဘောများ ၊ ပြည်တွင်းပြည်ပရေကြောင်းသွားသင်္ဘောများ ဝင်ထွက်သွားလာရာ နေရာတစ်ခုဖြစ်ပြီး ရဲရိပ်သာရပ်ကွက်၊ ဆိပ်ကမ်းမိသားစုရပ်ကွက်၊ မော်တင်ယာယီဈေးရပ်ကွက် အပြင် ရေပြင်နယ်နိမိတ် စတုရန်းမိုင်ပေါင်း ၁၀၄ မိုင်ဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ နှစ်ထောင်ကျော်ရှိသည့် မြို့နယ်တစ်ခုဖြစ်သည်။

“ပင်လယ်နဲ့ထွက်ပေါက်ဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးကိစ္စတွေ၊ လူကုန်ကူးကိစ္စတွေ အခြားအခြားသော မလိုလားအပ်တဲ့ကိစ္စတွေ ပေါ်ပေါက်လာနိုင်စရာတွေ အများကြီးရှိပါတယ်။ ဒါတွေကို ပြန်ကြည့်မယ်ဆိုရင် လုံခြုံရေးအရ ဘယ်လောက်အရေးပါတယ်ဆို တာပြောနေခြင်းဖြစ်ပါတယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦစံကျော်ကဆိုသည်။

ဆိပ်ကမ်းမြို့နယ်ဖျက်သိမ်းခြင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံခန့်ခွဲမှုဖြင့် နိုင်ငံတော်သမ္မတထံတင်ပြခဲ့ပြီး ပြည်ထောင်စုအစိုးရရုံးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက် အမိန်ကြေညာစာအမှတ် ဝ၃၂/၂၀၂၀ ဖြင့် ဆိပ်ကမ်းမြို့နယ်အတွင်းရှိ မော်တင်ယာယီဈေးရပ်ကွက်ကို လမ်းမတော်မြို့နယ်အတွင်းသို့လည်းကောင်း ၊ ဆိပ်ကမ်းမိသားစု ရိပ်သာရပ်ကွက် ၊ ရဲရိပ်သာရပ်ကွက်နှင့် ရေပိုင်နက် ၁၀၄ စတုရန်းမိုင်ကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တတောင်မြို့နယ်အတွင်းသို့လည်းကောင်း ထည့်သွင်းဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေက နောင်ဆိုရင်ဘယ်လိုဖြစ်လာမလဲ။ ကြေညာချက်ထွက်ပြီးနောက်ပိုင်း ဒုစရိုက်မှုတွေက တစတစနဲ့ပေါ်လာပြီ။ ပြန်လည်သုံးသပ်ဖို့လိုတယ်။ဝန်ထမ်းတွေရော၊ ပြည်သူတွေရော အရမ်းဒုက္ခရောက်နေတယ်” ဟု ဦးစံကျော်က ပြောဆိုသည်။

S -08