News

POST TYPE

LATEST NEWS POST

ဗစ်တိုးရီးယားအတွက် အမှုမှန်ပေါ်ပေါက်ရေး ပျဉ်းမနားတွင်ဆန္ဒပြ
22-Feb-2020


ပျဉ်းမနား၊ ဖေဖော်ဝါရီ ၂၂ 

လိင်ပိုင်းဆိုင်ရာကျုးလွန်ခံခဲ့ရသော မူကြိုကျောင်းသူ ဗစ်တိုးရီးယားအမှုတွင် အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒထုတ်ဖော်ပွဲကို ပျဉ်းမနားမြို့၌ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့ရာ ဒေသခံအင်အား ၁၀ဝ ကျော် ပါဝင်ဆန္ဒပြခဲ့ကြသည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် ဗစ်တိုးရီးယားအမှု အဓိကတရားခံအမြန်ဆုံးဖော်ထုတ်ပေးရေး၊ ဥပဒေအထက်တွင် မည်သူမျှ မရှိစေရေး၊ လူအဖွဲ့အစည်းတွင် တရားဥပဒေစိုးရေး၊ တစ်နိုင်ငံလုံး သက်ငယ်မုဒိမ်းပပျောက်ရေး၊ အမှုမှန်အမြန်ဆုံးပေါ်ပေါက်ရေး စသည့်ကြွေးကြော်သံများဖြင့် ပျဉ်မနားမြို့ ဆင်ရုပ်မှ ကျောက်တိုင်ကွင်းအထိ လမ်းလျှောက်ခဲ့ကြသည်။

“ဆန္ဒပြတဲ့ရည်ရွယ်ချက်ကတော့ တရားခံအမြန်ဆုံးဖမ်းဆီးဖော်ထုတ်ပေးနိုင်ဖို့ ၊တရားရေးမဏ္ဍိုင် ဥပဒေပြုရေးမဏ္ဍိုင် တွေကို တည့်မတ်ပေးဖို့ပါ ၊ဒီသက်ငယ်မုဒိမ်းမှုမှာ အမှန်တရားပေါ်ပေါက်ပြီး တရားခံကိုမဖမ်းဆီးသရွေ့ ဆန္ဒပြနေအုံးမှာဖြစ်ပါတယ်” ဟု အဆိုပါဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ပြုလုပ်သူ ကိုထက်ပိုင်စိုး(ခ) အရိပ်လေး ကပြောကြားသည်။

ရှေ့တပတ်တွင်လည်း လယ်ဝေးမြို့မှ ဦးအောင်နိုင်ကဦးဆောင်ကာ ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒထုတ်ဖော်ပွဲကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

“ဒီအမှုကို သမ္မတကြီးကလည်း စောင့်ကြည့်တယ်လို့ပြောတယ် ဘယ်လောက်ထိစောင့်ကြည့်တာလဲ။ ဥပဒေနှင့်အညီ ဆောင်ရွက်မယ်လို့ ပြောတယ်။ ဥပဒေနှင့်အညီဆောင်ရွက်တာ ဘယ်လိုဆောင်ရွက်တာလဲ။ နေပြည်တော်မှာ သမ္မတကြီး လက်နဲ့ကုတ်တောင်မီတဲ့နေရာမျိုးတောင်မှ အမှုမပေါ်ဘူးဆိုရင် ကျန်တဲ့နေရာမှာဆိုရင် ပြည်သူတွေအတွက် အရမ်းစိုးရိမ်ရတယ်”ဟု လယ်ဝေးမြို့မှ ဦးအောင်နိုင်ကပြောသည်။

နိုင်ငံတော် သမ္မတအိမ်တော်၌ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ တာဝန်ကျေပွန်ခြင်းမရှိသော တာဝန်ရှိသူများကို အရေးယူဆောင်ရွက်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၊ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့သို့ နိုင်ငံတော်သမ္မတက ညွှန်ကြားခဲ့ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားသည်။

မင်းသုခိုင်