News

POST TYPE

LATEST NEWS POST

ဝူဟန် Covid-19 ရောဂါကြောင့် အီရန်တွင် လူ ၂ ဦး သေဆုံး
21-Feb-2020


တီဟီရန်၊ ဖေဖော်ဝါရီ ၂၀

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့်ဖြစ်ပွားသော Covid-19 ရောဂါကြောင့် အီရန်နိုင်ငံတွင် လူ ၂ ဦး သေဆုံးသွားခဲ့ကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာနက လတ်တလောထုတ်ပြန်လိုက်သည်။

အရှေ့အလယ်ပိုင်းဒေသ၏ ပထမဆုံး ဝူဟန်ဗိုင်းရပ်စ်လူနာသေဆုံးမှုဟု ဆိုရမည့် အဆိုပါဖြစ်စဉ်ကို အီရန်အစိုးရက  ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 

သေဆုံးသူများသည် အသက်အရွယ်ကြီးရင့်ကာ ကိုယ်ခံအားမကောင်းခြင်းက အဓိကအကြောင်းအရင်းဖြစ်ပါကြောင်း ပြောခွင့်ရအရာရှိ ကီရာနက်ရှ်ဂျာဟန်ပူက twitter တွင် ဖော်ပြထားသည်။ 

သေဆုံးသူနှစ်ဦးလုံးမှာ အီရန်နိုင်ငံသားများဖြစ်ကြကြောင်း ကျန်းမာရေးဒုဝန်ကြီးဂျန်ဘာဘာအီက လူငယ် သတင်းစာဆရာများကလပ်တွင် ပြောကြားခဲ့သေးသည်။ 

၎င်းတို့သည် နိုင်ငံခြားသို့လည်း မသွားခဲ့ကြဘဲ၊ ကိုယ့်ပြည်နယ်၏ အပြင်ဘက်တောင် မသွားခဲ့ကြသူများ ဖြစ်ပါကြောင်း  အီရန်သတင်းဌာန IRNA က ပြောကြားခဲ့သည်။ 

ရောဂါထပ်မံပြန့်ပွားမည်ကို စိုးရိမ်သောကြောင့် ပြည်နယ်တွင်းရှိ ကျောင်းများ၊ တက္ကသိုလ်များကို ပိတ်ထားမည်ဖြစ်ကြောင်း အေဂျင်စီက ကြေညာထားသည်။ 

ကွမ်ပြည်နယ်အတွင်းရှိဆေးရုံတွင် သံသယလူနာ၂၅ ဦးကို မည်သူနှင့်မျှမထိတွေ့စေဘဲ သီးခြားစောင့်ကြည့်နေလျက်ရှိကြောင်း BBC ပါရှန်းဘာသာအစီအစဉ်က သတင်းဖော်ပြထားသည်။ 

တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့အနီးမှ စတင်ပြန့်ပွားလာသည်ဟုယူဆရသော အဆိုပါရောဂါကြောင့် ၂၁၁၈ ဦးအထိ လတ်တလောသေဆုံးထားသည်။

ယခုအခါ ကူးစက်မှုနှုန်းကျဆင်းလာပြီဖြစ်သောကြောင့် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်လာပြီဟု ယူဆရကြောင်း  တရုတ်အာဏာပိုင်များက ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားသော ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် တရုတ် ပြည်အပြင်ဘက်တွင်လည်း သေဆုံးမှုများ ရှိခဲ့သည်။

ယခု အာရပ်ဒေသတွင် လူသေဆုံးမှုရှိခြင်းသည် နိုင်ငံခြားမှကူးလာခြင်း မဟုတ်သောကြောင့် အရေးပေါ်စောင့်ကြည့်မှုများ  အသေးစိတ်ပြုလုပ်လျက်ရှိသည်။ 

F-02