News

POST TYPE

LATEST NEWS POST

တိုင်ရီဖိနပ်စက်ရုံ အလုပ်သမား ၃၀ဝ ခန့် ဝန်ကြီးချုပ်နှင့် တွေ့ဆုံရန်တောင်းဆို
21-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

တိုင်ရီဖိနပ်စက်ရုံ အလုပ်ရှင်၊ အလုပ်သမား ပြဿနာပြေလည်မှုမရှိ၍ အလုပ်သမားသုံးရာခန့်သည် ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရရုံးရှေ့တွင် ဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် တောင်းဆိုစောင့်ဆိုင်းနေကြသည်။ 

လှိုင်သာယာစက်မှုဇုန်ရှိ တိုင်ရီဖိနပ်စက်ရုံမှ အလုပ်ရှင်၊ အလုပ်သမား ပြဿနာအား ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ်ပိုင်းက မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တွင် ဖြေရှင်းခဲ့သော်လည်း အဆင်ပြေမှုမရှိသောကြောင့် ည ၁၀ နာရီတွင် အလုပ်သမားသုံးရာခန့်သည် တိုင်းဒေသကြီးအစိုးရရုံး ဂိတ်အမှတ် ၄ တွင် ဝန်ကြီးချုပ်နှင့်တွေ့ဆုံရန် ညအိပ်စောင့်ဆိုင်းခဲ့ခြင်းဖြစ်သည်။

"မနေ့က မြို့နယ်မှာရှင်းတယ်။ အလုပ်ရှင်ကိုယ်စားလှယ်က မဆုံးဖြတ်နိုင်ဘူး၊ အလုပ်ရှင်လည်းမလာဘူး" ဟု အလုပ်သမား ခေါင်းဆောင်မယုယုခိုင် ကပြောသည်။

တိုင်ရီဖိနပ်စက်ရုံသည် လုပ်ခလစာနည်းပါးမှုကြောင့် အလုပ်ရှင်အား ဖေဖော်ဝါရီ ၁၀ ရက်တွင် လစာတိုးပေးရန် တောင်းဆိုခဲ့ပြီး  လိုက်လျောမှုမရှိသဖြင့် စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်လှစ်ကာ ဖြေရှင်းခဲ့သည်မှာ ၅ ကြိမ်မြောက်ရှိပြီ ဖြစ်သော်လည်း ပြေလည်မှုမရှိသည့်အတွက် ဝန်ကြီးချုပ်က ကူညီဖြေရှင်းပေးနိုင်ရန် လာရောက်အကူအညီတောင်းခံခြင်းဖြစ်ကြောင်း မယုယုခိုင်က ရှင်းပြသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က တိုင်းဒေသကြီးအစိုးရရုံးရှေ့တွင် စောင့်ဆိုင်းနေသော အလုပ်သမားများကို ဥပဒေအတိုင်းသာ ဆောင်ရွက်ရန်နှင့် ဝန်ကြီးချုပ်နှင့် တွေ့ဆုံလိုပါကစာတင်ခဲ့ရန် လာရောက်ပြောဆိုခဲ့ကြောင်း အလုပ်သမား ကိုစိုးလင်းဦး ကပြောသည်။

တိုင်ရီဖိနပ်စက်ရုံမှ အလုပ်ရှင်၊ အလုပ်သမားပြဿနာကို လှိုင်သာယာမြို့နယ်ဖျန်ဖြေရေးအဖွဲ့ရုံးတွင် ဖေဖော်ဝါရီ ၂၁ ရက် နေ့ထပ်မံဖြေရှင်းမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

တိုင်ရီဖိနပ်စက်ရုံသည် ၂၀၁၅ ခုနှစ်မှ စတင်ကာ လုပ်ခလစာတိုးမြှင့်ရေးနှင့် အလုပ်သမားအရေးတို့အတွက် ဆန္ဒပြသပိတ်စခန်းဖွင့် တောင်းဆိုမှုများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သော စက်ရုံဖြစ်သည်။

J-04