News

POST TYPE

LATEST NEWS POST

ဂျာမနီတွင် သေနတ်ပစ်ခတ်မှုကြီးဖြစ်ပွား၍ လူ ၈ ဦးထက်မနည်း သေဆုံး၊လွတ်မြောက်သွားသော သေနတ်သမားကို ဂျာမန်ရဲတပ်ဖွဲ့ မြေလှန်ရှာ
21-Feb-2020


ဘာလင်၊ ဖေဖော်ဝါရီ ၂၀ 

ဂျာမနီနိုင်ငံ ဖရန်ဖတ်မြို့နှင့် ကီလိုမီတာ ၂၀ ခန့်အကွာအဝေးတွင်ရှိသော ဟာနောင်းမြို့မှ ရှီရှားဘားများစုဝေး တည်ရှိရာနေရာတွင် သေနတ်ပစ်ခတ်မှုကြောင့် လူရှစ်ဦးထက်မနည်းသေဆုံးပြီး အမြောက်အမြားဒဏ်ရာရရှိသွားပြီးနောက် သေနတ်သမားကို ဂျာမန်အာဏာပိုင်များက မြေလှန်ရှာဖွေနေကြကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

ပစ်ခတ်တိုက်ခိုက်မှုမှာ ဟာနောင်းမြို့ရှိ အဆိုပါ ရှီရားဘားများစုဝေးတည်ရှိရာနေရာကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီးအခင်း ဖြစ်ပွားပြီးသည်နှင့် လက်နက်အင်အားအပြည့်အစုံ ပါဝင်သောဂျာမန်ရဲတပ်ဖွဲ့များက ပြစ်မှုကျူးလွန်သွားသူများကို ရှာဖွေခဲ့ကြသည်။ 

ပထမအကြိမ်တိုက်ခိုက်မှုမှာဟာ နောင်းစီတီစင်တာရှိ ညလုံးပေါက်ဖွင့်သော ဘားတစ်ခုတွင်ဖြစ်ပြီး ဒေသစံတော်ချိန် ည ၁၀ နာရီခန့်ကဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ ယင်းဘားရှိရာ အဆောက်အအုံရှေ့ဘက်တွင် ရဲတပ်ဖွဲ့ဝင်သုံးဦးပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း၊ မျက်မြင်သက်သေများ၏ အဆိုအရ အပြန်အလှန်သေနတ်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။ 

ပစ်ခတ်မှုကျူးလွန်သူတစ်ဦး သို့မဟုတ် ပစ်ခတ်တိုက်ခိုက်ခဲ့သူများသည် မော်တော်ကားဖြင့် အခင်းဖြစ်ပွားရာနေရာမှ  ထွက်ပြေးလွတ်မြောက်သွားကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ဒုတိယအကြိမ်ပစ်ခတ်တိုက်ခိုက်မှုမှာမူ အရီနာဟု အမည်ရသည့် ဘားတစ်ခုတွင်ဖြစ်သည်။ 

ဂျာမန်သတင်းစာတစ်စောင်ဖြစ်သော Bild ၏ ရေးသားချက်အရ သေနတ်သမားသည် တံခါးခေါက်ခေါင်းလောင်း ခလုတ်နှိပ်ပြီးနောက် ဆေးလိပ်(ရှီရှား) သောက်သည့်ဧရိယာအတွင်း ရှိနေသူများကို ပစ်ခတ်တိုက်ခိုက်သွားခြင်းဖြစ်သည်။ 

အဆိုပါပစ်ခတ်မှုတွင် အမျိုးသမီးတစ်ဦးအပါအဝင် လူငါးဦးသေဆုံးသွားခဲ့ကြောင်း၊ သေဆုံးသွားသူများမှာ ကတ်အနွယ်လူမျိုးစုများဖြစ်ကြောင်း Bild ၏ ရေးသားချက်အရ သိရသည်။ 

“သေသွားတဲ့သူတွေကို ကျွန်တော်တို့သိခဲ့တာ ကြာပါပြီ”ဟု ဘားတစ်ခုမှ မန်နေဂျာဖြစ်သူ၏ သားက DPA သတင်းဌာနသို့ ပြောကြားသည်။ 

ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားစဉ် ၎င်းသည် ဘားအတွင်း၌ရှိမနေခဲ့ကြောင်း ပြောကြားသည်။ 

ဘားတွင် အလုပ်လုပ်နေသူနှစ်ဦးမှာလည်း သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ၎င်းကဆိုသည်။ 

“အားလုံးအတွက် တကယ့်ကိုတုန်လှုပ်ချောက်ချားစရာကြီးပါ”ဟု ၎င်းကဆိုသည်။ 

ပစ်ခတ်မှုတွင် ဒဏ်ရာရရှိသွားသူဦးရေ အတိအကျကိုမသိရသေးသော်လည်း ငါးဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု သတင်းများကဆိုသည်။ 

AFP သတင်းထောက်၏ အဆိုအရ ဟာနောင်းရဲစခန်းမှ ရဲကားအစီး ၃၀ ကျော်ခန့် အရေးပေါ်ထွက်သွားသည်ကို တွေ့မြင်ရကြောင်း၊ ယင်းမြို့တွင် စက်သေနတ်များကိုင်ဆောင်ထားသည့် ရဲတပ်ဖွဲ့ဝင်အမြောက်အမြား တပ်ဖြန့်ထားကြောင်း သိရသည်။ 

F-01