News

POST TYPE

LATEST NEWS POST

အလောင်းတော်ကဿပဘုရား ချောင်းကူးတံတား ဆောက်လုပ်ရန် တင်ဒါခေါ်ယူ
27-Jan-2020


မုံရွာ၊ ဇန်နဝါရီ ၂၆

ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ဘုရားစံကျောင်းတော်သွားရာ သပိတ်ဆေးချောင်းကူး တံတားတည်ဆောက်ရန် တင်ဒါခေါ်ယူခြင်း တစ်လအတွင်း လျှောက်ထားနိုင်ကြောင်း ယင်းမာပင်ခရိုင် စီမံခန့်ခွဲရေးရုံးထံမှ သိရသည်။

သပိတ်ဆေးချောင်းကူးတံတား တည်ဆောက်လိုသည့် ကုမ္ပဏီများကို ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၂၀ ရက် အတွင်း ဒီဇိုင်းနှင့် ခန့်မှန်းခြေစာရင်းယှဉ်ပြိုင်ရန် အိတ်ဖွင့်တင်ဒါ ခေါ်ထားသည်ဟု ယင်းမာပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က ပြောကြားသည်။

“လုပ်ကိုင်ဆောင်ရွက်လိုတဲ့ ကုမ္ပဏီတွေ သုံးစွဲမယ့်ငွေနဲ့ ဒီဇိုင်းပုံစံတင်ပြရမယ်။ ခုထိတော့ လျှောက်တဲ့သူမရှိသေးဘူး”ဟု ဦးထွန်းထွန်းနိုင်က ဇန်နဝါရီ ၂၄ နေ့က ပြောကြားသည်။

သပိတ်ဆေးကားစခန်းမှ အလောင်းတော်ကဿပ စံကျောင်းတော်သွားရာ ခြေလျင်လမ်းတွင် သပိတ်ဆေးချောင်း ဆင်းရန်မလိုဘဲ ဘုရားဖူးများ သက်သောင့်သက်သာသွားနိုင်ရန် လေးမြို့နယ် ဂေါပက ရန်ပုံငွေဖြင့် တည်ဆောက်မည့် သံကူကွန်ကရစ် အမျိုးအစား အလျား ၂၄၀ ပေ၊ အနံ ၁၀ ပေရှိ တံတားတည်ဆောက်လုပ်ကိုင်ရန် တင်ဒါခေါ်ယူနေခြင်း ဖြစ်သည်။

တည်ဆောက်မည့် ကုမ္ပဏီများကို ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၂၀ ရက် အတွင်း အိတ်ဖွင့်တင်ဒါ ခေါ်ယူထားခြင်းဖြစ်ပြီး ယင်းမာပင်ခရိုင် လမ်းဦးစီးဌာနနှင့် ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် အသေးစိတ်စုံစမ်းနိုင်ကြောင်း သိရသည်။

ခင်မေစန်း