News

POST TYPE

LATEST NEWS POST

ဗိုလ်ချုပ်ဈေးမှ ပျံကျဈေးသည်များကို စည်ပင်ဥပဒေဖြင့် အရေးယူမည်
22-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၂

လိမ္မော်သီးသည်အဘိုးအိုကို ဖမ်းဆီးအရေးယူခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းဈေးဗဟိုရုံရှေ့ရှိ ကန့်သတ်နယ်မြေတွင် ပျံကျဈေးသည်များ လာရောက်ရောင်းချပါက ရန်ကုန်စည်ပင်သာယာရေးဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဈေး တာဝန်ခံဦးမျိုးသိန်းဇော်က The Voice သို့ပြောသည်။ 

“နောက်ပိုင်း ဒီလိုတွေဖြစ်ရင် အဲ့နေရာကို စည်းကမ်းထိန်းသိမ်းရေးကပဲ ပတ်သက်ပါလိမ့်မယ်” ဟု ၎င်းဇန်နဝါရီ ၂၂ ရက်တွင် ပြောသည်။ 

လိမ္မော်သီးသည်အဘိုးအိုကို ဖမ်းဆီးအရေးယူရခြင်းမှာလည်း ၎င်းကို အကြိမ်ကြိမ်လက်မှတ်ရေးထိုးသတိပေးထားခြင်းကို ဖောက်ဖျက်သဖြင့် ယခုကဲ့သို့ အရေးယူရခြင်းဖြစ်ကြောင်း အဆိုပါတာဝန်ခံဖြစ်သူ ဦးမျိုးသိန်းဇော်က ပြောသည်။ 

ယင်းအဘိုးအိုကိုသာမက အခြားသော ပျံကျဈေးသည်များကိုလည်း အလားတူ အရေးယူမှုများ ပြုလုပ်နေသည်မှာ ပုံမှန်အတိုင်းသာဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

အဆိုပါ အဘိုးအို၏ သစ်သီးများကို ဖျက်စီးခဲ့သည့် စည်ပင်ဝန်ထမ်းသုံးဦးကို အရေးယူမည်ဟု စည်ပင်ဘက်မှ ပြန်ကြားလာသည်ဟု ပန်းဘဲတန်းမြို့နယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပြောဆိုထားသော်လည်း လက်ရှိအချိန်တွင်မူ မည်ကဲ့သို့ အရေးယူမည်ကို စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ 

ယခုကဲ့သို့ အရေးယူမည်ဟု ပြောဆိုထားသော်လည်း လိမ္မော်သီးသည် အဘိုးအိုအနေဖြင့် ယင်းဈေးတွင် ပြန်လည်ရောင်းချမည်ဖြစ်ကြောင်းလည်း ၎င်း၏သမီးဖြစ်သူက ပြောသည်။ 

“ကျွန်မတို့ဘက်က ဘယ်သူ့ကိုမှ မနစ်နာစေချင်ဘူး။ သူတို့မှာလည်း မိသားစုတွေရှိတာဆိုတော့ မေတ္တာတရားပဲထားတယ်။ ဗိုလ်ချုပ်ဈေးမှာပဲ ပြန်ရောင်းမှာပါ၊ ဒီနေရာကလွဲပြီး ကျန်တဲ့နေရာမရောင်းတတ်ဘူး၊ ကြာလည်းကြာနေပြီဆိုတော့လေ” ဟု လိမ္မော်သီးသည်အဘိုးအို၏ သမီးဖြစ်သူက ပြောသည်။ 

စည်ပင်ဝန်ထမ်းသုံးဦးကို အရေးယူမှုအခြေအနေနှင့်ပတ်သက်၍ ပန်းဘဲတန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်မှလည်း ဗိုလ်ချုပ်ဈေးသို့သွား၍ ဈေးတာဝန်ရှိသူများအား မှန်မှန်ကန်ကန်စစ်ဆေးဆောင်ရွက်ရန် တွန်းအားပေးလျက်ရှိကြောင်း The Voice သို့ ပြောသည်။

၂၀၁၈ ခုနှစ်က ထုတ်ပြန်ခဲ့သည့် စည်ပင်သာယာဥပဒေ ပုဒ်မ ၃၂၀ (ခ) တွင် စည်ပင်ဈေးဧရိယာအတွင်း တရားဝင်မှတ်ပုံတင်ထားသည့် ဈေးသည်များမှအပ အခြားသော ဈေးသည်များ လာရောက်ရောင်းချပါက ဒဏ်ငွေ ကျပ် ၁၀၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ရန် ပြဌာန်းထားသည်။ 

မို့မို့အေး