News

POST TYPE

LATEST NEWS POST

လူသန်း ၅၀၀ နီးပါး အလုပ်အကိုင်မရှိ၊ လူမှုမငြိမ်သက်မှုများ ဖြစ်စေသည်ဟု UN သတိပေး
22-Jan-2020


နယူးယောက်၊ ဇန်နဝါရီ ၂၁

ကမ္ဘာပေါ်ရှိ လူဦးရေ၏ သန်း ၄၇၀ ကျော်သည် အလုပ်မရှိကာ သို့မဟုတ် အဆင့်မမီသော အလုပ်များ လုပ်နေရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပြီး ယင်းသို့ အလုပ်အကိုင်ကောင်းကောင်းမရှိခြင်းက လူမှုရေး မငြိမ်သက်မှုများဖြစ်စေသည်ဟု သတိပေးလိုက်သည်။ 

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်းက ကမ္ဘာလုံးဆိုင်ရာ အလုပ်အကိုင်မရှိမှုက အတော်လေး တည်ငြိမ်ခဲ့ကြောင်း ကုလသမဂ္ဂလက်အောက်ခံ နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းက ပြောကြားခဲ့ သည်။ 

စီးပွားရေး နှေးကွေးလေးလံလာမှုကြောင့် အလုပ်အကိုင်ရရှိမှုလည်း လျော့ကျသွားခဲ့ပြီး လူဦးရေကလည်း တက်လာခြင်းကြောင့် အလုပ်လက်မဲ့နှုန်းက မြင့်လာခြင်းဖြစ်သည်။ 

အလုပ်လုံးဝမရှိသူအဖြစ် စာရင်းပေးထားသော လူဦးရေသည် ၂၀၁၉ တွင် ၁၈၈ သန်းရှိခဲ့ရာမှ သန်း ၁၉၀ အထိ တက်လာဖွယ်ရှိကြောင်း ILO အဖွဲ့က ကမ္ဘာ့အလုပ်အကိုင်ရရှိမှုနှင့်လူမှုဖူလုံရေး ဆိုင်ရာ အစီရင်ခံစာထုတ်ပြန် ဖော်ပြထား သည်။ 

တစ်ချိန်တည်းမှာပင် ကမ္ဘာအနှံ့မှ ၂၈၅ သန်းသော လူဦးရေသည် အလုပ် ရှိသော်လည်း အဆင်မပြေသော လုပ်ငန်း ခွင်များဖြစ်ကြောင်း ကုလသမဂ္ဂလက် အောက်ခံအလုပ်သမားအဖွဲ့က ပြောကြား လိုက်သည်။ 

လက်ရှိ အလုပ်အကိုင် အဆင်မပြေ ကြသော လူအုပ်စုသည် တစ်ဘီလီယံ ဝက်လောက်ရှိကာ ကမ္ဘာ့လုပ်သား ဈေးကွက် ၏ ၁၃ ရာခိုင်နူန်းဖြစ်သည်ဟု ILO အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

“သန်းပေါင်းများစွာသော လုပ်သားထုအကြားမှာလည်း၊ အလုပ်ခွင်ကနေ ကောင်းမွန်တဲ့ဘဝကို တည်ဆောက်ဖို့ အတွက် ပိုပိုပြီး ခက်ခဲလာနေပါတယ်”ဟု ILO အကြီးအကဲ ဂိုင်းရိုက်ဒါက ပြောကြားခဲ့သည်။ 

ရှိမြဲရှိနေတဲ့ လုပ်ငန်းခွင်တွင်း မညီမျှမှုများနဲ့ ဖယ်ရှားခွဲခြားဆက်ဆံခံရမှုများ က အတော်များများကို ကောင်းမွန်တဲ့ အလုပ်ရရှိပြီး ကောင်းမွန်တဲ့ အနာဂတ်ကို ရရှိနိုင်ဖို့ရာမှာ အတားအဆီးတွေ ဖြစ်စေပါကြောင်း ၎င်းက ပြောကြားသည်။ 

“လုပ်သားဈေးကွက် အခြေအနေတွေက ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း လူမှုပေါင်းစည်းခြင်း ပျက်ယွင်းမှုများစွာ ဖြစ်စေပါတယ်”ဟု ILO အကြီးအကဲက လက်ဘနွန်၊ ချီလီ စသည့် နိုင်ငံများမှ အခြေအနေများကို ကိုးကားကာ ပြောကြားခဲ့သည်။

ILO ၏ လူမှုမတည်ငြိမ်မှုဆိုင်ရာညွှန်ကိန်းများအရ သပိတ်မှောက်မှုများ၊ မတည်ငြိမ်မှုများ ဖြစ်ပွားသည့် အကြိမ်ရေသည် ကမ္ဘာလုံးတွင် မြင့်တက်လာပြီး အလုပ် အကိုင်ရှားပါးမှုနှင့် ဆက်စပ်သည်ဟု ထောက်ပြထားသည်။ 

F-02