News

POST TYPE

LATEST NEWS POST

တရုတ်ပြည်တွင် ဝူဟန်နမိုးနီးယားကြောင့် သေဆုံးသူ လေးဦးရှိ၊ လူအချင်းချင်း ကူးစက်မှုရှိဟု အာဏာပိုင်များ အတည်ပြု၊ တရုတ်ပြည်မှဝင်ရောက်သူများကို အခြားနိုင်ငံများစောင့်ကြည့်
22-Jan-2020


ဘေဂျင်း - ဝူဟန်၊ ဇန်နဝါရီ ၂၁

တရုတ်နိုင်ငံတစ်ဝန်းတွင် လျင်မြန်စွာပျံ့နှံ့ဖြစ်ပေါ်နေသည့် နမိုးနီးယား အဆုတ်ရောင်ရောဂါကြောင့် သေဆုံးသူ လေးယောက်ရှိသွားပြီဖြစ်ပြီး ယင်းရောဂါသည် လူအချင်းချင်း ကူးစက်နိုင်သည်ဟု ကျန်းမာရေးအာဏာပိုင်များက အတည်ပြု ပြောကြားလိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

Reuters သတင်းဖော်ပြချက်အရ ကိုရိုးနားဗိုင်းရပ်စ်ပိုးသစ်တစ်မျိုးကြောင့် ဖြစ်ပေါ်သည့် နမိုးနီးယားကြောင့် ကျန်းမာရေးအမှုထမ်း ၁၅ ဦးရောဂါကူးစက်ဖြစ်ပွားနေပြီး ၎င်းတို့အနက်တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်ဟုဆိုသည်။ 

တရုတ်အစိုးရ ကျန်းမာရေးအာဏာပိုင်များက ဝူဟန်နမိုးနီးယားဟု ခေါ်ဆိုလျက်ရှိသည့် အဆိုပါနမိုးနီးယားရောဂါသည် လူသားအချင်းချင်းကူးစက်မှုရှိပြီး ကူးစက်မှုနှုန်းမှာလည်း အလွန်အမင်း လျင်မြန်ကြောင်း သတိပေးပြောကြားသည်။ 

အဆိုပါ နမိုးနီးယားရောဂါမှာ ကူးစက်မြန်ပြင်းထန်နမိုးနီးယား (SARS) ဖြစ်ပေါ်စေသည့် ဗိုင်းရပ်စ်မျိုးကြောင့်ဖြစ်ကြောင်း၊ ဝူဟန်နမိုးနီးယားကြောင့် နောက်ဆုံးသေဆုံးသွားသူမှာ အသက် ၈၉ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များကပြောကြားသည်။ 

လက်ရှိအခြေအနေအထိ ယင်း ကိုရိုးနားဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်တွင် လူ ၂၀ဝ ကျော်ခန့် ဖျားနာလျက်ရှိသည်။ 

ဝူဟန်နမိုးနီးယားမှာ မြို့တော် ဘေဂျင်းအပါအဝင် အခြားမြို့ကြီးများအထိ ပျံ့နှံ့ရောက်ရှိသွားသည်ဖြစ်သော်လည်း ဝူဟန်မြို့တွင် အများဆုံးဖြစ်ပေါ်လျက်ရှိသည်။ ရှန်ဟိုင်းနှင့် ရှန်းကျန်းမြို့တို့တွင်လည်း ဖြစ်ပေါ်လျက်ရှိသည်။ 

တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်က ဂွမ်ဒေါင်းပြည်နယ်တွင် ဖြစ်ပေါ်သော ရောဂါကူးစက်မှုနှစ်ခုမှာ လူသားအချင်းချင်း ကူးစက်ခံရမှုကြောင့် ဖြစ်သည်ဟု အတည်ပြုပြောကြားသည်။ 

ဝူဟန်မြူနီစီပယ်ကျန်းမာရေး ကော်မရှင်က ရောဂါကူးစက်ခံထားရသော ကျန်းမာရေးအမှုထမ်း ၁၅ ဦးကို သီးသန့်ခွဲထားပြီး ကုသပေးလျက်ရှိသည်ဟုဆိုသည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံတွင် အဆိုပါဝူဟန်နမိုးနီးယား ကူးစက်ဖြစ်ပေါ်နေသူ ၂၁၈ ဦးရှိကြောင်းသိရသည်။ 

ထို့ပြင် ထိုင်းနိုင်ငံတွင် နှစ်ဦး၊ ဂျပန်တွင် တစ်ဦးနှင့် တောင်ကိုရီးယားနိုင်ငံတွင် တစ်ဦး အဆိုပါဝူဟန်ရောဂါကူးစက်ခံထားရကြောင်း WHO က အတည်ပြုဖော်ပြထားသည်။ 

အဆိုပါ ထိုင်း၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ကူးစက်ခံထားရသူများသည် တရုတ်ပြည်၊ ဝူဟန်မြို့သို့ သွား ရောက်လည်ပတ်ခဲ့သူများဖြစ်ကြသည်။ 

လက်ရှိအနေအထားတွင် စင်ကာပူ၊ ဟောင်ကောင်နှင့် တိုကျိုမြို့လေဆိပ်များတွင် တရုတ်ပြည်၊ ဝူဟန်မြို့မှ လာသောခရီးသည်များကို စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။ 

အမေရိကန်အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိဒ်စ်နှင့် နယူးယောက်မြို့ လေဆိပ်များတွင်လည်း အလားတူစစ် ဆေးမှုများပြုလုပ်လျက်ရှိသည်။ 

ဂွမ်ဒေါင်းကျန်းမာရေး ကော်မရှင်က "ယခုကူးစက်ဖြစ်ပေါ်နေသည့် ရောဂါသည် ကာကွယ်နိုင်၊ ထိန်းချုပ်နိုင်သည့်  အခြေအနေတွင်ရှိသည်ဟု ရောဂါဗေဒပညာရှင်များက ယုံကြည်ထားသည်" ဟု ကြေညာချက်ထုတ်ပြန်ထားသည်။ 

F-01