News

POST TYPE

LATEST NEWS POST

တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက်ထောက်ခံမည်ဟု မြန်မာ၏ ပြောကြားချက်ကို ထိုင်ဝမ်ကန့်ကွက်
21-Jan-2020


တိုင်ပေ၊ ဇန်နဝါရီ ၂၀

မြန်မာနိုင်ငံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သမ္မတကြီးရှီကျင့်ဖျင် လာရောက်လည်ပတ်ခဲ့ရာတွင် မြန်မာအစိုးရက တရုတ် ၏အကျိုးစီးပွားဖြစ်သော တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက်ထောက်ခံမည် ဟုပြောဆိုခဲ့ခြင်းအပေါ် တရုတ်နှင့် ဆက်ဆံ ရေးတင်းမာနေသော ထိုင်ဝမ်ကျွန်းက ကန့်ကွက်ကြောင်းပြောကြားခဲ့သည်။

ထိုင်ဝမ်သည် တရုတ်၏အငြင်းမပွားနိုင်သော အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း တရုတ်နှင့်မြန်မာတို့ ပူးတွဲကြေညာချက်တွင်  ပါဝင်သည်ဟု ထိုင်ဝမ်ဘက်ကပြောဆိုကာ ကန့်ကွက်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ခြင်းဖြစ်သည်။ 

“မြန်မာဟာ တရုတ်ရဲ့ တစ်ရုတ်တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက်ထောက်ခံပြီး ထိုင်ဝမ်ဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ ခွဲထုတ်မရတဲ့ အစိတ်အပိုင်းဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်နေ့က ပူးတွဲကြေညာချက်အပေါ် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန MOFA က ကန့်ကွက်ပါတယ်”ဟု အဆိုပါဌာန၏ပြောခွင့်ရအရာရှိဂျိုအန်နီအူးက ထုတ်ပြန်ခဲ့သည်။ 

“တရုတ်သမ္မတ ထိုင်ဝမ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ငြင်းပယ်တဲ့ ယခုလိုမှားယွင်းကြေညာမှုကို ဝန်ကြီးဌာနအနေနဲ့  ရှုတ်ချပါတယ်”ဟု ဂျိုအန်နီအူးကဆိုသည်။ 

“မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားတစ်ခုဖြစ်သော 'တရုတ်တစ်နိုင်ငံတည်းမူဝါဒ' ကို အစဉ်တစ်စိုက် ဆက်လက်ထောက်ခံရပ်တည် သွားမည်ဖြစ်ကြောင်းကို ထပ်လောင်းအတည်ပြုပြောကြားလိုပါကြောင်း” နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှစ်နိုင်ငံသံခင်းတမန်ခင်း နှစ် ၇၀ ပြည့်အခမ်းအနားတွင် ပြောကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး Facebook စာမျက်နှာမှ ထုတ်ပြန်သည့်သတင်းတွင် ဖော်ပြထားသည်။ 

ပူးတွဲကြေညာချက်တွင် မြန်မာသည် တရုတ်တစ်ပြည်ထောင်မူဝါဒကို ခိုင်မာစွာလက်ခံပြီး ထိုင်ဝမ်၊ တိဗက်၊ ရှင်ကျန် ဒေသများသည် တရုတ်၏မခွဲခြားနိုင်သော အစိတ်အပိုင်းများဖြစ်ပါကြောင်း မြန်မာကပြောကြားသည် ဟုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်ဟု ထိုင်ဝမ်၏ ကန့်ကွက်ချက်တွင် ဖော်ပြထားသည်။ 

၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခဲ့ပြီးနောက် အသိအမှတ်ပြုသော နိုင်ငံများထဲတွင် မြန်မာသည် ဆိုရှယ်လစ်မဟုတ်သော နိုင်ငံများထဲကပထမဆုံးဖြစ်ခဲ့သည်။ 

တရုတ်သည် တရုတ်တစ်ပြည်တည်း မူဝါဒဖြင့် ရပ်တည်လျက်ရှိကာ ၎င်း၏ နိုင်ငံရေး၊ စီးပွားရေးသြဇာလွှမ်းမိုးရာဒေသများကို ထိုင်ဝမ်နှင့် သံခင်းတမန်ခင်း ဆက်ဆံခြင်းမပြုရန် တိုက်တွန်းမှုများပြုသည်။ 

မြန်မာသည် ပထဝီနိုင်ငံရေးအရ တရုတ်နှင့် ဆက်စပ်နေပြီး တရုတ်ပြည်မကြီးသည် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်များကို အများဆုံး ဝယ်ယူအားပေးသည့်နိုင်ငံ ဖြစ်သည်။        

F-02