News

POST TYPE

LATEST NEWS POST

မန္တလေးကျောင်းသားသပိတ် အမြန်ဆုံးဖြေရှင်းပေးရန် ရန်ကုန်ကျောင်းသားများ ဆန္ဒပြ
20-Jan-2020


ရန်ကုန်၊ ဇန်နဝါရီ ၂၀

မန္တလေးတက္ကသိုလ်တွင် ကျောင်းသားများ သပိတ်မှောက်နေမှုကို တာဝန်ရှိသူများအမြန်ဆုံးဖြေရှင်းပေးရန် ရန်ကုန်ရှိသမဂ္ဂများ ပူးပေါင်း၍ ဇန်နဝါရီ ၂၀ရက် နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်အတွင်း၌ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ 

ယင်းတောင်းဆိုမှုတွင် လေးလကြာပြီဖြစ်သော မန္တလေးတက္ကသိုလ်ကျောင်းသားသပိတ်ကို အမြန်ဆုံးဖြေရှင်းပေးရန် အဓိကထားတောင်းဆိုခဲ့ကြပြီး ပညာရေးဝန်ကြီးဌာန၏ အချိန်ဆွဲဘက်လိုက်နေမှုများ၊ တက္ကသိုလ်ကို အသုံးချ၍ ကိုယ်ကျိုးရှာနေမှုများ၊ ကျောင်းသားထုကိုဖိနှိပ်နေမှုများအလိုမရှိကြောင်း ကြွေးကြော်ခဲ့ကြသည်။

မန္တလေးတက္ကသိုလ်ကျောင်းသားသပိတ်ကို အစိုးရအနေဖြင့် ထိရောက်သောစုံစမ်းဖြေရှင်းမှုမျိုးမရှိဘဲ အချိန်ဆွဲဘက်လိုက်နေသော အခြေအနေမျိုးမှာရှိနေပြီး မန္တလေးသပိတ်အောင်နိုင်ရေးအတွက် ရန်ကုန်အခြေစိုက် ကျောင်းများအနေဖြင့် ရှေ့ဆက်လှုပ်ရှားမှုများအတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုညီဇော်ကပြောသည်။

“ ပထမဆုံးရှေ့ပြေးအနေနဲ့ မန္တလေးကျောင်းသားသပိတ်နောက်မှာ ရန်ကုန်အခြေစိုက်ကျောင်းတွေရှိတယ်ဆိုတဲ့
စုစည်းမှုမျိုးပြနိုင်ဖို့ရည်ရွယ်တယ်။မန္တလေးသပိတ်အောင်နိုင်ရေးမှာ ဆက်ပြီးတော့ဝန်းရံပူးပေါင်းဆောင်ရွက်မယ်” ဟု၎င်းက ထပ်မံပြောသည်။

ယင်းတောင်းဆိုရာတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီး)၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)တို့ပါဝင်ခဲ့ကြသည်

ထို့အပြင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ရန်ကုန်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ရန်ကုန်ကျောင်းသားများသမဂ္ဂ ၊ သန်လျင်နည်းပညာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ၊ သန်လျင်သမဝါယမတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဆေးတက္ကသိုလ်-၂ရန်ကုန်ကျောင်းသား များသမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် တို့လည်း ပါဝင်တောင်းဆိုဆန္ဒပြခဲ့ကြသည်။


မန္တလေးတက္ကသိုလ်ကျောင်းသားသပိတ်သည် ကျောင်းသားထုအခွင့်အရေးဆိုင်ရာ တိုက်ပွဲတစ်ခုဖြစ်ပြီး သပိတ်မှောက်ကာလသည် လေးလကျော်ကြာမြင့်လာပြီး ဝန်ကြီးဌာနနှင့် အစိုးရတာဝန်ရှိသူများမှ ပြေလည်အောင် ဖြေရှင်းနိုင်သောနည်းလမ်းများကို ဆောင်ရွက်ခြင်းမရှိဘဲ အင်အားသုံးဖြိုကွဲသောပုံစံ၊ တက္ကသိုလ်အတွင်းရှိ ကျောင်းသားချင်းရန်တိုက်ခြင်း၊ ကျောင်းတံခါးများကိုပိတ်ပင်ထားခြင်းစသည့်တို့ဖြင့် ကျောင်းသားသပိတ်ဖြိုခွဲရေးကိုဦးတည်လုပ်ဆောင်နေကြောင်း ဗကသများအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကပြောသည်။

“ လတ်တလောမှာ လေးလကျော်ကြာမြင့်လာပြီ။သပိတ်ကိုလုံးဝလစ်လျူရှုထားတဲ့ အခြေအနေမျိုးတွေဖြစ်လာတယ်။ ကျွန်တော်တို့ဒီနေ့ မန္တလေးသပိတ်နဲ့တသားထဲရှိကြောင်း လှုပ်ရှားမှုပြုလုပ်တာဖြစ်တယ်” ဟု၎င်းကပြောသည်။

ကျောင်းအတွင်းလှည့်လည်ရာတွင် ရန်ကုန်ရှိသမဂ္ဂများမှ ကျောင်းသား၊ ကျောင်းသူ ၅၀ခန့်ပါဝင်၍ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရုံးခန်းမှ သမဂ္ဂရင်ပြင်နီသို့သွား၍ အလေးပြုခဲ့ကြသည်။ထို့နောက် ဘွဲ့နှင်းသဘင်ခန်းမ အရှေ့တွင်စုဝေး၍ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ဇန်နဝါရီ ၁၇ရက်တွင်ပြုလုပ်သော ရန်ကုန်ရှိ သမဂ္ဂ၁၃ခုဆွေးနွေးသော ကျောင်းသားထုအခွင့်အရေးဆိုင်ရာ အစည်းအဝေးတွင် ဖဲကြိုးစိမ်းလှုပ်ရှားမှုနှင့် မန္တလေးတက္ကသိုလ်ကျောင်းသားသပိတ်ကို အဓိကထားဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ကျောင်းအသီးသီးမှကျောင်းသားအခွင့်အရေးဆိုင်ရာပြဿနာများ၊ လက်ရှိလုပ်ငန်းစဉ်များနှင့် သမဂ္ဂများ၏ အခန်းကဏ္ဍတို့ကိုလည်းဆွေးနွေးခဲ့ကြကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

မောင်ကျော်ဖြိုး