News

POST TYPE

LATEST NEWS POST

အခြေခံပညာကျောင်းဖွင့်ကာလ တိုးမြှင့်မှုကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲ မန္တလေးတွင် ပြုလုပ်
20-Jan-2020


မန္တလေး ဇန်နဝါရီ ၂၀

မတ်လကုန်အထိ အခြေခံပညာကျောင်းဖွင့်ကာလ တိုးမြှင့်ခြင်းနှင့်ပတ်သက်ပြီး ကန့်ကွက်ကြောင်းလမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကို မန္တလေးပညာရေးကောလိပ် နှင့် မုံရွာပညာရေးကောလိပ်တို့မှ ကျောင်းသား ကျောင်းသူနှင့် ဝန်းရံအင်အား ၁၀၀ ခန့်က ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ ၌ ပြုလုပ်ခဲ့ကြသည်။

ပညာရေးဝန်ကြီးဋ္ဌာနက မတ်လကုန်အထိ ကျောင်းဖွင့်ကာလ တိုးမြှင့်ခြင်းသည် တိကျသည့်လမ်းညွှန်ချက်မဟုတ်ကြောင်း ၊ တိကျသည့် လမ်းညွှန်ချက်မရှိသဖြင့် ဆရာဆရာမများအနေနှင့် ဘာလုပ်ရမှာလဲ မသိဖြစ်ရခြင်းတို့ကြောင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း မန္တလေးပညာရေးကောလိပ်မှ ကိုအောင်ဖြိုးဝေက ပြောကြားသည်။

မိမိအနေဖြင့် ကျောင်းမပြီးသေးသော်လည်း တန်းပြဆင်းသည့်အခါတွင် ဆရာ ဆရာမများ အခက်အခဲဖြစ်သည်ကို သိရှိရကြောင်း၊ယင်းသို့ စာသင်ကာလတိုးမြှင့်ခြင်းသည် မဖြစ်သင့်ကြောင်း မန္တလေးပညာရေးကောလိပ် ဒုတိယနှစ်ကျောင်းသူ မသီရိရတနာက ပြောကြားသည်။


အခြေခံပညာ စာသင်ကာလတိုးမြှင့်ခြင်းအား ဖျက်သိမ်းပေးရေး ၊ အာဏာရှင်ဆန်သော ပညာရေးစနစ်အလိုမရှိ ၊ အာဏာရှင်ဆန်သော ပညာရေးပြောင်းလဲမှု အလိုမရှိ ၊ ဒီမိုကရေစီစနစ်နှင့်အညီ ကောင်းမွန်သောပညာရေးစနစ်ဖြစ်ပေါ်လာရေး ၊ သုတေသနကို အခြေမခံသောပညာရေးစနစ် အလိုမရှိ စသည့်ကြွေးကြော်သံများဖြင့် မဟာအောင်မြေမြို့နယ် ၆၆လမ်း နှင့် ၃၅လမ်းထောင့် မှ ၆၆ လမ်းအတိုင်း ၊ ယင်းမှ ၄၁လမ်းအထိလည်းကောင်း ၊ ၄၁လမ်း မှ ၆၂ လမ်း မနောရမ္မံဟစ်တိုင်ကွင်းအထိ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်နေ့ကလည်း စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကျောင်းသားသမဂ္ဂက ဦးဆောင်ကာ ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။

ယင်းနောက် တိုင်းနှင့်ပြည်နယ်အသီးရှိ ပညာရေးကောလိပ်နှင့်ပညာရေးတက္ကသိုလ်များတွင် ဆက်တိုက်ပြုလုပ်လာကြသည်။

M-01