News

POST TYPE

LATEST NEWS POST

ဇနီးဟောင်းကို မီးရှို့သည်ဟု သံသယရှိသူ အမျိုးသားကို ဖမ်းဆီးအရေးယူ
19-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၁၈

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဇနီးဟောင်းဖြစ်သူကို ဓာတ်ဆီဖြင့်လောင်း၍ မီးရှို့ခဲ့သည်ဟု သံသယရှိသော အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်၍ ဖမ်းဆီးအရေးယူထားကြောင်း မီးလောင်ဒဏ်ရာများ ရရှိခဲ့သည့် အမျိုးသမီး၏ မိသားစုထံမှ သိရသည်။

ခန္ဓာကိုယ်အနှံ့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့သည့် အသက် ၂၆ နှစ်အရွယ် အမျိုးသမီးမှာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၂၆ ရပ်ကွက်တွင် မိဘများနှင့်အတူ နေထိုင်သူဖြစ်ပြီး ဇန်နဝါရီ ၁၁ ရက်နေ့က ၎င်း၏ ခင်ပွန်းဟောင်းဖြစ်သူ စိုးသူရ (ခ) စိုးကြီးက လာခေါ်သဖြင့် လိုက်ပါသွားကြောင်း အမျိုးသမီး၏ အစ်ကိုအရင်းတော်စပ်သူ ကိုအောင်အောင်ဦးက ပြောသည်။

“သူတို့လင်မယားနှစ်ယောက်က တရားဝင်ကွာရှင်းထားတာ တစ်နှစ်ဝန်းကျင်လောက်ရှိပြီ။ ခြောက်နှစ်အရွယ် ကလေးတစ်ယောက်ရှိတယ်။ ညီမလေးက စိုးကြီးခေါ်သွားရာနောက် လိုက်သွားရာက မီးလောင်ဒဏ်ရာတွေရခဲ့တယ်လို့ မိသားစုက သိလိုက်ရချိန်မှာ တောင်ဒဂုံ ရဲစခန်းဆီသွားပြီး အမှုဖွင့်တိုင်ကြားခဲ့တယ်” ဟု ကိုအောင်အောင်ဦးက ရှင်းပြသည်။

မီးလောင်ဒဏ်ရာများ ရရှိခဲ့သည့် ဇနီးဟောင်းကို စိုးသူရ (ခ) စိုးကြီး (၃၅) နှစ်က ပဲခူးမြို့ဆေးရုံသို့ ကနဦး တင်ပို့ခဲ့သော်လည်း ဆေးရုံမှ လက်မခံသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးထံသို့ သွားရောက်ကုသစဉ် ၎င်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အမျိုးသမီး၏ မိသားစုထံမှ သိရသည်။

“ညီမဖြစ်သူကို ဒီလူက ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့တယ်လို့ ပတ်ဝန်းကျင်ထံက စုံစမ်းသိရတယ်။ စိုးကြီးကလည်း သူမီးရှို့တာမဟုတ်ဘူး။ ညီမဖြစ်သူက သူ့ကိုယ်သူ ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့တာလို့ ထွက်ဆိုထားတယ်။ နစ်နာခဲ့ရတဲ့ ညီမအတွက် ဒီဖြစ်စဉ်ကို အမှန်အတိုင်း ပေါ်ပေါက်စေချင်တယ်” ဟု ကိုအောင်အောင်ဦးက ပြောသည်။

အဆိုပါအမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းထံ ဖုန်းဆက်သွယ်မေးမြန်းရာတွင် ယင်းအမှုအား အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အရေးယူထားကြောင်း အတည်ပြုပေးခဲ့သော်လည်း အမှုဖြစ်စဉ်အကြောင်းအရာကို အသေးစိတ်မေးမြန်းခွင့် မရရှိခဲ့ပေ။

S-03