News

POST TYPE

LATEST NEWS POST

ဘင်္ဂါလီများကို မျိုးဖြုတ်ရှင်းမှုများ ပြု လုပ်သည်ဆိုသော ဂမ်ဘီယာ၏ စွတ်စွဲချက ICJ တွင် ကြားနာ
10-Dec-2019


သဟိဂ်၊ ဒီဇင်ဘာ ၁၀

မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံးသို့ တရားစွဲဆိုထားသည့် ပထမနေ့အဖြစ် တရားခွင်ကို နယ်သာလန်နိုင်ငံ သဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် စတင်ကြားနာရာ ရိုဟင်ဂျာများ (မူရင်းအသုံး) ကို စနစ်တကျမျိုးဖြုတ်ရှင်းနေသည်ဟု ဆိုသည့် ဖြစ်ရပ်များအား ဂမ်ဘီယာ တရားရေးဝန်ကြီး မစ္စတာအဘူဘေကာ မာရီ တန်ဘာဒို က ဦးဆောင်ပြီးဖတ်ကြား တင်သွင်းသွားခဲ့သည်။ 

လူမျိုးတုန်းစေမည့် လုပ်ရပ်များ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရိုဟင်ဂျာများကို လူမျိုးတုန်းစေရေး စနစ်တကျ ကြံစည်ထားသည်ဆိုသော အထောက်အထားများကိုလည်းကောင်း၊ ရိုဟင်ဂျာများ၏ အကာအကွယ်မဲ့ ထိခိုက်ခံစားနေရသည်ဆိုသော အခြေအနေများကို လည်းကောင်း၊ ဂမ်ဘီယာအနေဖြင့် ICJ ၏ ဆုံးဖြတ်စီရင်ပေးမှုကို ရပိုင်ခွင့်ရှိသည်ဆိုသော သက်သေပြချက်ကိုလည်းကောင်း၊ ရိုဟင်ဂျာများကို အကာအကွယ်ပေးပိုင်ခွင့်ရှိကြောင်းကိုလည်းကောင်း ၊ မကိုင်တွယ်ပါက မည်သို့ အန္တရာယ်များ ရှိနိုင်ခြင်းကိုလည်းကောင်း ဝန်ကြီး အဘူဘေကာ မာရီတန်ဘာဒို နှင့် အခြားပညာရှင်များ၊ အဖွဲ့ဝင်များ၊ ဥပဒေရေးရာ ကျွမ်းကျင်သူများက လျှောက်လဲချက်များ တင်ခဲ့ကြသည်။ 

၎င်းတို့ဘက်မှ စွပ်စွဲချက်များတွင် တပ်မတော်၏ ARSA အရေးအခင်းအပေါ် ကြမ်းတမ်းရက်စက်စွာ ကိုင်တွယ်ပုံများ၊ စနစ်တကျ မျိုးဖြုတ်ရန် ဆောင်ရွက်မှုများ၊ အမျိုးသမီးများနှင့် မိန်းကလေးများကို လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်စော်ကားမှုများ၊ အခင်းဖြစ်စဉ်ကာလနှင့် နောက်ပိုင်းတွင် အဆိုပါ မျိုးနွယ်စုများအပေါ် စော်ကားနှိမ့်ချ ခွဲခြားမှုများ၊ နိုင်ငံသားပြုမှုကဲ့သို့သော နိုင်ငံတော်အဆင့်မူဝါဒများ နှင့် အစီအမံများတွင် ရိုဟင်ဂျာများကို ခွဲခြားဆက်ဆံမှုများ၊ အများပြည်သူအကြား အမုန်းစကားများကို အစိုးရက နှိမ်နင်းရန် ပျက်ကွက်မှု၊ နိုင်ငံတကာဥပဒေနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်နေခြင်းအား အစိုးရက စုံစမ်းစစ်ဆေး အရေးယူရန် ပျက်ကွက်မှု စသည့် အဓိကအချက် (၇) ချက်ပါဝင်သည်။ 

တရားရုံးတော်တွင် ယင်းအမှုကို တရားလိုဂမ်ဘီယာက လျှောက်လဲချက်တင်သည့် နေ့ရက်တွင် မြန်မာနိုင်ငံ အနှံ့အပြား၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တသားတည်း ရပ်တည်ပါကြောင်း လူထုလှုပ်ရှားမှုများ ပြုလုပ်နေခဲ့သည်။

လာမည့် တရားခွင်တွင် မြန်မာဘက်က ပြန်လည်ချေပ လျှောက်ထားသွားမည်ဖြစ်ကာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အဖွဲ့က ပြန်လည်တင်ပြမည် ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး Facebook စာမျက်နှာပါ fake rape  ဆိုသည့် ပုံကိုလည်းကောင်း၊ ဘားအံမြို့တွင် စိုက်ထူခဲ့သည့် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စစ်ခေါင်းဆောင်များ ရယ်မောနေသည့် ပုံကိုလည်းကောင်း၊ ဖော်ပြကိုးကားကာ အစိုးရအနေဖြင့် တပ်မတော်က ကျူးလွန်သည်ဆိုသည့် ကိစ္စရပ်များ တွင် လက်ခံနေကြောင်း လျှောက်လဲချက်များတွင် ထည့်သွင်းဖော်ပြသွားသည်။

(F - 02)


  • VIA