News

POST TYPE

LATEST NEWS POST

ကမ္ဘာ့အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဖင်လန်အစိုးရခေါင်းဆောင် ၃၄ နှစ်အရွယ် ဆန်နာမာရင်
09-Dec-2019


ဟယ်ဆင်ကီး၊ ဒီဇင်ဘာ ၉

ဖင်လန်နိုင်ငံတွင် ညွန့်ပေါင်းအစိုးရဖွဲ့လိုက်ပြီဖြစ်ရာ ဝန်ကြီးချုပ် ဆန်နာမာရင် သည် အသက် ၃၄ နှစ်သာ ရှိသေးသည့်အတွက် ကမ္ဘာပေါ်တွင် အသက်အငယ်ဆုံးဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်သည်။

ဝန်ကြီးချုပ် အန့်တီရင်နီ ရာထူးမှ နုတ်ထွက်သွားပြီးနောက် ဆိုရှယ်ဒီမိုကရက်တစ်ပါတီက ပို့ဆောင်ရေးဝန်ကြီး မာရင်ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်မာရင်သည် ဗဟိုလက်ဝဲယိမ်းညွန့်ပေါင်းအစိုးရကို ဦးဆောင်မည်ဖြစ်ပြီး ညွန့်ပေါင်းပါတီ ငါးခုလုံးကို အမျိုးသမီးများက ဦးဆောင်ကြခြင်း ဖြစ်သည်။

စာတိုက်သပိတ်ကို ကိုင်တွယ်ပုံနှင့် ပတ်သက်၍ ညွန့်ပေါင်းမဟာမိတ်များ၏ ယုံကြည်မှုကို ဆုံးရှုံးခဲ့သော ဝန်ကြီးချုပ်ဟောင်း မစ္စတာမာရင် ရာထူးမှ နုတ်ထွက်သွားခြင်း ဖြစ်သည်။

ရာထူးရယူလိုက်ပြီးနောက် မစ်စ်မာရင်သည် ကမ္ဘာ့အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်သွားလေပြီ။ နယူးဇီလန် ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်သည် ၃၉ နှစ်ဖြစ်ပြီး၊ ယူကရိန်းဝန်ကြီးချုပ် အိုလက်စီဟွန်ချာရွတ် က ၃၅ နှစ် ဖြစ်သည်။

ယုံကြည်မှု ပြန်လည်တည်ဆောက်ရန်အတွက် အလုပ်များစွာ လုပ်ရန်လိုပါကြောင်း ကျဉ်းမြောင်းသော မဲအနိုင်ဖြင့် အာဏာရလာသော ဝန်ကြီးချုပ် ဆန်နာမာရင်က ဆိုသည်။

အသက်အရွယ်အကြောင်း မေးလာသည့် မေးခွန်းများကို ဝန်ကြီးချုပ်က ရှောင်ရှား ဖြေကြားပေးခဲ့သည်။

“ကျွန်မ အသက်အရွယ်နဲ့ ဂျန်ဒါကို ထည့်ပြီးတော့ မစဉ်းစားဘူး။ နိုင်ငံရေးကို ဘာဖြစ်လို့ ဝင်ပါသလဲဆိုတဲ့  အကြောင်းပြချက်နဲ့ မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှုဘယ်လိုရရှိနိုင်မလဲဆိုတာကိုပဲ စဉ်းစားပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဆိုရှယ်ဒီမိုကရက်တစ်ပါတီသည် အကြီးဆုံးပါတီဖြစ်လာပြီး၊ ညွန့်ပေါင်း အစိုးရကို ဦးဆောင်ဖွဲ့စည်းနိုင်သည့် ပမာဏအထိ လူထုထောက်ခံမှုကို ရရှိခဲ့သည်။

ဝန်ကြီးချုပ် ဆန်နာမာရင်သည် ငယ်စဉ်က မိခင်တစ်ဦးတည်းက ကြည့်ရှုစောင့်ရှောက်ရသော မိသားစုတွင် ကြီးပြင်းခဲ့ရကာ မိသားစုထဲတွင် ပထမဆုံး တက္ကသိုလ်သို့တက်ရောက်ခွင့်ရသူ ဖြစ်သည်။

F-02