News

POST TYPE

LATEST NEWS POST

ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယားနိုင်ငံ သွားရောက်မည်
21-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၂၁

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် တောင်ကိုရီးယားနိုင်ငံတွင် ပြုလုပ်မည့် တောင်ကိုရီးယား-အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် တောင်ကိုရီးယားသို့ ရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကိုရီးယား သမ္မတမွန်ဂျေအင်း၏ ဖိတ်ကြားချက်အရ အဆိုပါ အစည်းအဝေးများ တက်ရောက်ရန် တောင်ကိုရီးယားနိုင်ငံသို့ မကြာမီသွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ထုတ်ပြန်သည်။ 

အဆိုပါ တောင်ကိုရီးယားနှင့် အာဆီယံနိုင်ငံများအကြား ပြုလုပ်မည့် ထိပ်သီးအစည်းအဝေးကို လာမည့်နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ထိ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အာဆီယံက သတင်းထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ယင်းခရီးစဉ်တွင် ဘူဆန်မြို့တွင် ပြုလုပ်မည့် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေး စသည့်အစည်းအဝေးများ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် လာမည့်ဒီဇင်ဘာလအတွင်း နယ်သာလန်နိုင်ငံသည် ဟိပ်ဂ်မြို့တွင် မြန်မာနိုင်ငံကို အရေးယူပေးရန် နိုင်ငံတကာတရားရုံး (IJC) တွင် OIC အဖွဲ့နိုင်ငံများကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုချက်ကို သွားရောက်ရင်ဆိုင်သွားမည့် ခရီးစဉ်လည်းရှိနေသည်။

(J - 08)