News

POST TYPE

LATEST NEWS POST

ကျန်းမာရေးဝန်ထမ်းမရှိသဖြင့် ဆလုံလူမျိုးများ အခက်အခဲရှိ
21-Nov-2019

မြိတ်၊ နိုဝင်ဘာ ၂၁

ဆလုံတိုင်းရင်းသားများနေထိုင်သည့် ကျွန်းအများစုတွင် ကျန်းမာရေးဝန်ထမ်းမရှိသောကြောင့် အခက်အခဲများစွာရှိနေကြောင်း ဆလုံတိုင်းရင်းသားတို့က ပြောသည်။ 
တနင်္သာရီတိုင်း မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့ရှိ ကျွန်း ၁၀ ကျွန်းတွင် ဆလုံတိုင်းရင်းသားများ နေထိုင်ကြသည်။ 

ဆလုံလူမျိုးများ နေထိုင်သည့်ကျွန်းများတွင် အရေးပေါ်အခြေအနေဖြစ်ပေါ်ပါက ဆေးရုံဆေးခန်းမရှိဘဲ အခြားနေရာသို့ သွားရောက်ကုသရန် အချိန်များစွာပေးနေရပြီး လမ်းခရီးခက်ခဲမှုကြောင့် မသေသင့်ဘဲ သေနေရသည်ဟု ဘုတ်ပြင်းမြို့နယ်၊ လငန်းကျေးရွာတာဝန်ခံ ဦးသိန်းဇံက ပြောသည်။

‘မြိတ်သွားကုမယ်ဆိုရင်လည်း သွားရလာရ အရမ်းဝေးတယ်။ တစ်ခုခုဖြစ်ရင် ဆရာဝန်မရှိ ဆေးခန်းမရှိနဲ့ ဒီလိုပဲ အသေခံနေရတာပေါ့’ ဟု ၎င်းကပြောသည်။

ဆလုံကျေးရွာများအနက်မှ ဘုတ်ပြင်းမြို့နယ်ရှိ အလယ်မန်ရွာ၊ ဇာဒက်ကြီးကျွန်းပေါ်ရှိ တလောရွာ၊ ကော့သောင်းမြို့နယ်တွင် မကြုံကလက်နှင့် ကျွန်းစုမြို့နယ်တွင် ဒုံပုလဲအော်ရွာ စသည်တို့တွင် ကျန်းမာရေးဝန်ထမ်းနှင့် ဆေးခန်းများရှိသည်ဟု ဆလုံအရေးအကူအညီများပေးနေသူ ဦးခင်မောင်ထွေးက ပြောသည်။ 

ဆလုံကျေးရွာများတွင် ကျန်းမာရေးဝန်ထမ်းမရှိခြင်းမှာ ကျန်းမာရေးဝန်ထမ်းနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ချပေးမှုသည် ရွာကိုအခြေခံ၍ ချထားပေးခြင်းမဟုတ်ဘဲ လူဦးရေကိုအခြေခံကာ ချထားပေးခြင်းကြောင့်ဖြစ်ကြောင်း မြိတ်ခရိုင် ပြည်သူကျန်းမာရေးဌာနမှ ဒုဦးစီးမှူးက ပြောသည်။

‘အနည်းဆုံး လူဦးရေ သုံးထောင်ရှိမှ ကျန်းမာရေးဌာနခွဲတစ်ခုကို ချပေးတယ်။ ရွာ ၃ ရွာလောက်ဆို တစ်ခုနှုန်းလောက်တော့ ရှိတာပေါ့’ ဟု ၎င်းကပြောသည်။

၁၉၇၆ ခုနှစ်သန်းခေါင်စာရင်းအရ တနင်္သာရီတိုင်းအတွင်း ဆလုံလူမျိုးဦးရေ ၆၀၀၀ ကျော်ရှိကြောင်း ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် မြန်မာစာဌာန တွဲဖက်ပါမောက္ခ ဒေါက်တာရီရီခင်၏ တနင်္သာရီတိုင်းအတွင်းရှိ ဆလုံလူမျိုးတို့၏လူနေမှုဘဝစာအုပ်တွင် ရေးသားထားပြီး ယခုအချိန်တွင် ဆလုံလူဦးရေ ၁၇၀၀ ကျော်သာ ကျန်ရှိတော့ကြောင်း သိရသည်။

Dawei Watch
ပုံစာ - လငန်းကျွန်းရှိ ဆလုံရွာ။ 
ဓာတ်ပုံ - ကိုဆန်း/Dawei Watch