News

POST TYPE

LATEST NEWS POST

ခြိမ်းခြောက်ငွေတောင်းမှုဖြင့် မှုခင်းသတင်းထောက်ကို ထောင်ဒဏ် (၃) နှစ် ချမှတ်
21-Nov-2019
ကလေး၊ နိုဝင်ဘာ ၂၁

ခြံစည်းရိုးပြုလုပ်ရန်နှင့် စပါးကျီဆောက်ရန် သစ်သားတိုင် (မျောတိုင်) (၁၈) တိုင်သယ်လာသည့် ညီအကိုနှစ်ဦးထံ ခြိမ်းခြောက်ငွေတောင်းမှုဖြင့် မှုခင်းသတင်းထောက်ဆိုသူကို မင်းကင်းမြို့နယ်တရားရုံးက ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ကြောင်း မင်းကင်းမြို့နယ်တရားရုံးထံမှ သိရသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်းမှ စတင်ခြိမ်းခြောက်ငွေတောင်းသည့် မှုခင်းသတင်းထောက်ဆိုသူ ကိုအောင်ခိုင်ထွန်းကို ငွေတောင်းခံခဲ့ရသည့် ကျော်သက်နိုင်နှင့် ကျော်ဝင်းနိုင်တို့ ညီအကိုနှစ်ဦးက တရားရုံးတွင် အမှုဖွင့်တိုင်တန်းခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်တွင် တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်တွင် မှုခင်းသတင်းထောက်ဆိုသူကလည်း ကိုကျော်သက်နိုင်နှင့် ကိုကျော်ဝင်းနိုင်တို့ ညီအကိုနှစ်ဦးကို နာကျင်စေမှုဖြင့်အမှုဖွင့်ခဲ့ရာ ၎င်းတို့ ညီအကိုနှစ်ဦးကိုလည်း ထောင်ဒဏ် (၃) လစီကျခံစေရန် တရားရုံးက နိုဝင်ဘာ ၂၀ ရက်တွင် အမိန့်ချခဲ့ကြောင်း ညီအကိုနှစ်ဦး၏ရှေ့နေ ဦးပြည့်စုံအောင်က ပြောသည်။

“ထောင်ဒဏ် သုံးလစီချခံရတာနဲ့ပတ်သက်လို့ သုံးလများတယ်ဆိုပြီး အယူခံဆက်တက်မယ်လို့တော့ ပြောသွားတယ်” ဟု ဦးပြည့်စုံအောင်က ပြောသည်။

ကိုကျော်သက်နိုင်နှင့် ကိုကျော်ဝင်းနိုင်တို့ ညီအကိုနှစ်ဦးသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်းက မင်းကင်းမြို့နယ် ကြွေကျေးရွာမှ မျောတိုင်များ ဝယ်ယူပြီး ချင်းတွင်းမြစ်ကြောင်းအတိုင်း သယ်လာစဉ် မှုခင်းသတင်းထောက်ဆိုသူ ကိုအောင်ခိုင်ထွန်းက ယင်းသစ်များသည် တရားမဝင် သစ်များဖြစ်ကြောင်း တရားမဝင်သစ်များ သယ်လာသည့်အတွက် အတိုင်မခံလိုပါက ငွေကျပ်ငါးသိန်းပေးရန် တောင်းဆိုခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းသို့ တစ်ဖက်နှင့်တစ်ဖက်စကားများပြီး မှုခင်းသတင်းထောက်က မှိန်းဖြင့်ထိုးရန် ရွယ်စဉ် ညီအကို နှစ်ဦးက ဝါးရိုးတပ်ထားသည့် သံတူရွင်းဖြင့်ရိုက်ရာ မှုခင်းသတင်းထောက်က ထွက်ပြေးသွားခဲ့ပြီး ၎င်းတောင်းသည့်ငွေကို မပေးပါက သူ၏အကြောင်းသိရမည်ဟု ကြိမ်းဝါးသွားခဲ့ကြောင်း ရှေ့နေဦးပြည့်စုံအောင်က ရှင်းပြသည်။

ထို့နောက် အခင်းဖြစ်ပြီး နောက်တစ်နေ့တွင် ညီအကိုနှစ်ဦး၏ မိဘများက မှုခင်းသတင်းထောက် တောင်းငွေ ငါးသိန်းကို ပေးခဲ့ကြောင်း၊ နောက်တစ်နေ့တွင် မှုခင်းသတင်းထောက်က ယင်းငွေကို မိဘများထံ ပြန်ပေးပြီး ရိုက်မှုဖြင့်တရားစွဲသဖြင့် ညီအကိုနှစ်ဦးဖက်ကလည်း ခြိမ်းခြောက်ငွေတောင်းမှုဖြင့် အပြန်အလှန် တရားစွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

R-20