News

POST TYPE

LATEST NEWS POST

မင်္ဂလာဒုံတွင် လူသတ်မှုဖြစ်
20-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၂၀

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာတွင် အမျိုးသားတစ်ဦး နေအိမ်အတွင်း၌ ပေါက်ပြဲဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

သေဆုံးသူ ဦးဇော်လင်းထွန်း(၄၂)နှစ်မှာ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ ကျောင်းကြီးရပ်ကွက်၊ (၅)လမ်းတွင် နေထိုင်သူဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက ၎င်း၏ နေအိမ်အတွင်း၌ လည်ပင်းညိုမဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာ၊ မျက်နှာတွင် ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

“အဝတ်လျှော်တဲ့ သစ်သားတုတ်နဲ့ သေဆုံးသူကို ပြစ်မှုကျူးလွန်သူက ရိုက်သတ်သွားတာ။ သွားတွေပါ ကျိုးကုန်တယ်။ ပြစ်မှုကျူးလွန်သူက မည်သူမည်ဝါဆိုတာတော့ လတ်တလော စုံစမ်းနေတုန်း” ဟု မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

သေဆုံးသူ၏ အနီးတွင် သွေးစွန်းနေသည့် သစ်သားတုတ်တစ်ချောင်းကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ယင်းအမှုမှ လူသတ်မှုကျူးလွန်ခဲ့သူကို ဖမ်းဆီးအရေးယူနိုင်ရန် မင်္ဂလာဒုံမြို့မရဲစခန်းမှ (ပ)၁၇၄၇/၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

(S-03)