News

POST TYPE

LATEST NEWS POST

Myanmar Distillery ကုမ္ပဏီကို Grand Royal Group International အမည်သို့ တရားဝင်ပြောင်းလဲ
14-Nov-2019

ဓာတ်ပုံ - အောင်ကောင်းမြတ်

ရန်ကုန်၊ နိုဝင်ဘာ ၁၄

Myanmar Distillery ကုမ္ပဏီကို Grand Royal Group International အမည်သို့ တရားဝင် အမည်ပြောင်းလဲလုပ်ကိုင်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

မြန်မာနိုင်ငံ၏ ယမကာဈေးကွက်တွင် ဦးဆောင်နေသော ယမကာထုတ်လုပ်သည့် လုပ်ငန်းအနေဖြင့် ယနေ့မှစ၍ Grand Royal Group International အမည်ဖြင့် လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းထံမှ သိရသည်။

GRG က လက်ရှိဈေးကွက်ထဲတွင် Whisky products များဖြစ်သော Grand Royal Black၊ Grand Royal Special Reserve၊ Grand Royal Signature နှင့် Grand Royal Smooth စသည့် ထုတ်ကုန်များကိုလည်း ပုံမှန်အတိုင်း ထုတ်လုပ်ဖြန့်ဖြူးသွားမည်ဟု ယင်းလုပ်ငန်းထံမှ သိရသည်။

“GRG ကုမ္ပဏီကိုပြောင်းလဲသတ်မှတ်ခြင်းက ကျွန်တော်တို့ရဲ့ပြောင်းလဲတိုးတက်နေတဲ့ မဟာဗျူဟာတွေထဲက တစ်ခုဖြစ်တယ်။ ကုမ္ပဏီအနေနဲ့ နာမည်ပဲပြောင်းလဲလိုက်တာ။ သူ့ရဲ့ထုတ်ကုန်နဲ့ အရည်အသွေးတွေကိုတော့ ပြောင်းလဲသွားမှာမဟုတ်ဘူး” ဟု Grand Royal Group International ကုမ္ပဏီမှ တွဲဖက်ဥက္ကဋ္ဌ ဦးအောင်မိုးကျော်က ပြောကြားသည်။

အဆိုပါလုပ်ငန်းသည် နိုင်ငံတကာကယမကာနှင့်ပတ်သတ်သည့် Research အဖွဲ့အစည်းဖြစ်သော International Wine and Spirit Research ကထုတ်ပြန်သည့် ကမ္ဘာ့အင်အားအကြီးမားဆုံး ယမကာတံဆိပ် ၁၀၀ တွင် အဆင့် ၄၁ အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး ယမကာထုတ်ကုန် ၁၀၀ တွင် ၃၈ အဖြစ် သတ်မှတ်ခံခဲ့ရကြောင်း ယင်းလုပ်ငန်းထံမှ သိရသည်။

၁၉၉၅ ခုနှစ်မှ စတင်ခဲ့သည့် Grand Royal သည် ဆယ်စုနှစ် ၂ စုကြာ သက်တမ်းရှိခဲ့ပြီဖြစ်ပြီး ကုမ္ပဏီနာမည်အသစ်ဖြင့်သာ ပြောင်းလဲလုပ်ကိုင်ခြင်းဖြစ်၍ ကုမ္ပဏီ၏ပိုင်ဆိုင်မှု၊ ရင်းနှီးမြုပ်နှံမှုများ Shareholder များနှင့် ဝန်ထမ်းများ ပြောင်းလဲမှုမရှိကြောင်း GRG ထံမှ သိရသည်။

ပြည့်ဖြိုးမြင့်မွန်