News

POST TYPE

LATEST NEWS POST

နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာများ ၂၀၂၀ တွင် အပြီးတည်ဆောက်မည်
14-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၁၃

နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာစီမံကိန်းများကို ယခုဘဏ္ဍာနှစ်ဘတ်ဂျက်ဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် နေထိုင်ခွင့်ပြုနိုင်ရန် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။

“အိမ်ရာတွေကို အပိုင်းလိုက်ခွဲပြီး တည်ဆောက်နေတာ။ တချို့နေရာတွေမှာက ကျူးကျော်တွေရှိနေလို့ ဆောက်လုပ်ဖို့ အနည်းငယ်ကြန့်ကြာနေတာပါ။ အခုတော့ ဒီနှစ်ဘတ်ဂျက်နဲ့ တိုက် ၄ လုံး အပြီးဆောက်လုပ်သွားမယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောကြားသည်။

အဆိုပါနိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာလမ်းအနီးတွင် ဆောက်လုပ်အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး ၄ ခန်းတွဲ ၅ ထပ်တိုက်များအဖြစ် ဆောက်လုပ်နေခြင်းဖြစ်ကြောင်း အဆိုပါဦးစီးဌာနထံမှ သိရသည်။

တည်ဆောက်လျက်ရှိသည့် တိုက် ၁ လုံးလျှင် အခန်းပေါင်း ၃၂ ခန်းပါဝင်မည်ဖြစ်ပြီး ဆောက်လုပ်ပြီးတိုက် ၄ လုံး၊ ဆောက်လုပ်ဆဲတိုက် ၄ လုံးနှင့် ယခုဘတ်ဂျက်တွင် တိုက် ၄ လုံး စုစုပေါင်း ဝန်ထမ်း ၄၀၀ နီးပါးနေထိုင်နိုင်ရန် ဆောက်လုပ်လျက်ရှိကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအနှံ့ ပြည်သူ့အိမ်ရာနှင့် အစိုးရအိမ်ရာများကို ၂ နှစ်ခွဲကာလအတွင်း အခန်းပေါင်း ၁၀,၀၀၀ ကျော် ဆောက်လုပ်ရန်လျာထားပြီး ဆောက်လုပ်ပြီးစီးသည့် အိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ညွှန်ကြားချက်များဖြင့် ရောင်းချငှားရမ်းပေးမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

ပြည့်ဖြိုးမြင့်မွန်