News

POST TYPE

LATEST NEWS POST

အစိုးရသက်တမ်း လေးနှစ်တာကာလတွင် လျှပ်စစ်ဓာတ်အားရရှိမှု တိုးတက်
11-Nov-2019
မန္တလေး၊ နိုဝင်ဘာ ၁၁

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတာဝန်ယူထားသည့် အစိုးရသက်တမ်း ၄ နှစ်တာကာလတွင် မန္တလေးဒေသကြီး ကျေးလက်ဒေသများအတွက် လျှပ်စစ်ဓာတ်အားရရှိမှုမှာ ၈၀ ရာခိုင်နှုန်းကျော်အထိ တိုးတက်ကြောင်း မန္တလေးတိုင်းဒေသကြီးလွှတ်တော် စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီထံမှ သိရသည်။

“မန္တလေးတိုင်းဒေသကြီးရဲ့ ဘယ်လိုနေရာမှာဖြစ်ဖြစ် လမ်းပန်းဆက်သွယ်ရေး လွယ်ကူလာမှုနဲ့လျှပ်စစ်ဓာတ်အားရရှိနိုင်မှုတို့ အဆင်သင့်ရှိနေရင် ရင်းနှီးမြှုပ်နှံမှုအများအပြားကို ဆွဲဆောင်နိုင်လာမှာဖြစ်သလို မိမိတို့ကိုယ်တိုင်လည်း အလုပ်အကိုင်အခွင့်အလမ်း အသစ်အသစ်တွေကို ဖန်တီးနိုင်ခွင့်တွေ ရရှိလာနိုင်ကြမှာဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီးလွှတ်တော် စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ဝင်းက ပြောကြားသည်။

ယခင်အစိုးရလက်ထက်နှင့် ယခုအစိုးရလက်ထက်တို့တွင် ကျေးလက်ဒေသများမှာ လျှပ်စစ်ရရှိမှု ပိုမိုဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း မန္တလေးတိုင်းမှ လျှပ်စစ်ဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုသည်။

“ခေတ်အဆက်ဆက်က အစိုးရအသီးသီးဟာ ကျွန်တော်တို့တိုင်းဒေသကြီးရဲ့ကျေးလက်ဒေသတွေအတွက် လျှပ်စစ်ဓာတ်အားရရှိဖို့ ၃၃ ဒသမ ၅၉ ရာခိုင်နှုန်း လုပ်ပေးခဲ့ပါတယ်။ အချိန်ကာလအားဖြင့် နှစ်ပေါင်း ၂၇ နှစ်နဲ့ပဲ ဆုံးဖြတ်ကြည့်လိုက်တော့ စက်မှုခေတ်တို့၊ စက်မှုလယ်ယာတို့၊ စက်မှုဆေးဝါးတို့စတဲ့ စက်မှုတွေ၊ ဆင်းရဲမွဲတေမှု လျှော့ချရေးတွေ၊ ခေတ်မီဖွံဖြိုးတိုးတက်သောတွေ စတာတွေဟာ ရယ်ပြုံးစရာပါပဲ” ဟု ဦးလှိုင်ဝင်းက ဆိုသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားရရှိနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ကျေးရွာ ၂၉၀ ရွာ၊ ဖြည့်စွက်ရန်ပုံငွေနှင့် ဒေသဖွံဖြိုးရေးရန်ပုံငွေတို့ဖြင့် ၁၀၀ ရာခိုင်နှုန်း မီးလင်းရေးအစီအစဉ် ကျေးရွာ ၆၁ ရွာ၊ PFI အစီအစဉ်ဖြင့် ကျေးရွာ ၉၉ ရွာ၊ ကမ္ဘာ့ဘဏ်ချေးငွေ၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံချက် NEP ဖြင့် ကျေးရွာ ၃၉၀ ရွာတို့တွင် လျှပ်စစ်ဓာတ်အားရရှိမည်ဖြစ်သည်။

M-01