News

POST TYPE

LATEST NEWS POST

ကျုံးဘေးလျှောက်လမ်းရှိ အားကစားပစ္စည်းများ မစင်သုတ်သွားသူကို ဖမ်းမိ
22-Oct-2019
မန္တလေး၊ အောက်တိုဘာ ၂၂

မန္တလေး ၆၆ လမ်းကျုံးဘေးလျှောက်လမ်းရှိ အားကစားပစ္စည်းများ မစင်သုတ်သွားသူကို ဖမ်းမိပြီဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သတင်းထုတ်ပြန်သည်။

တရားခံဖမ်းဆည်းရမိနိုင်ရေး စီစီတီဗီမှတ်တမ်းများအား လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည့်အတွက် တာဝန်သိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဖမ်းဆီးပေးမှုကြောင့်မိခြင်းဖြစ်ကြောင်း ဒေါက်တာရဲလွင်က ၎င်း၏လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူကို စစ်ဆေးချက်အရ အိမ်ခြေမဲ့ စိတ်ဝေဒနာရှင်တစ်ဦးဖြစ်နေ၍ စိတ်ကျန်းမာရေးဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ စိတ်ဝေဒနာရှင် ဟုတ် မဟုတ် ကိုယ်တိုင်စစ်ဆေးအတည်ပြုခဲ့ပြီး စိတ်ဝေဒနာရှင်ဖြစ်နေ၍လည်း စိတ်ကျန်းမာရေးဆေးရုံက ဆေးကုသပေးဖို့ လွှဲပြောင်းလက်ခံလိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းစိတ်ဝေဒနာရှင်သည် အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်က ကျုံးဘေးလျှောက်လမ်းရှိ အားကစားပစ္စည်းများကို မစင်သုတ်သွားခြင်းဖြစ်သည်။

“စိတ်ဝေဒနာရှင်ကို ဝေဒနာရှင်အနေနဲ့ပဲ မြင်ပေးပြီး ခွင့်လွှတ်ပေးစေချင်ပါတယ်။ စိတ်ဝေဒနာသက်သာလာရင်လည်း ကျုံးဘေးကိုပြန်မလာဖို့ ညွှန်ကြားပြီး ပြန်လာရင် ထိရောက်စွာအရေးယူသွားပါမယ်” ဟု ဒေါက်တာရဲလွင်က ဆက်လက်ရေးသားဖော်ပြထားသည်။

ထို့ပြင် လက်ရဖမ်းပေးခဲ့သည့် တာဝန်သိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အား စည်ပင်နှစ်ပတ်လည်နေ့တွင် ဂုဏ်ပြုဆုနှင့် မှတ်တမ်းပေးအပ်နိုင်ရေး ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်လကလည်း ကျုံးလက်ရန်းတွင် အဝတ်လှန်းသူအချို့ကို ခံဝန်လက်မှတ်ရေးထိုးစေကာ အရေးယူခဲ့ဖူးသည်။

M-01