News

POST TYPE

LATEST NEWS POST

တနင်္သာရီတိုင်းတွင် ကလေးတစ်သိန်းကျော်ကို ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးထိုးမည်
22-Oct-2019

ထားဝယ်၊ အောက်တိုဘာ ၂၁

တနင်္သာရီတိုင်းရှိ အသက်ကိုးလမှ ငါးနှစ်ခွဲအရွယ် ကလေးတစ်သိန်းငါးသောင်းခန့်ကို ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအဖွဲ့ထံမှ သိရသည်။

ယင်းကာကွယ်ဆေးကို တိုင်းအတွင်း ကော့သောင်းမြို့နယ်မှအပ ကျန်မြို့နယ်များကို နိုဝင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်တာ ထိုးနှံပေးမည်ဖြစ်ကြောင်း အထက်ပါအဖွဲ့ခေါင်းဆောင် ဒေါက်တာမြတ်ဖြူပြာအေးက ပြောကြားသည်။

ကော့သောင်းမြို့နယ်တွင်မူ အောက်တိုဘာလ ၂၅ ရက်မှ ၂၉ ရက်အထိ ထိုးနှံပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုင်းအတွင်း ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးကို ကလေးအသက် ကိုးလအရွယ်တွင် တစ်ကြိမ်၊ တစ်နှစ်ခွဲအရွယ်တွင် တစ်ကြိမ် ပုံမှန်ထိုးနှံပေးလျက်ရှိပြီး အစုအလိုက်အပြုံလိုက် ကာကွယ်ဆေး ထိုးနှံပေးခြင်းကိုမူ ၂၀၁၅ ခုနှစ်က နောက်ဆုံးထိုးနှံပေးထားကြောင်း ဒေါက်တာ မြတ်ဖြူပြာအေးက ပြောကြားသည်။

“ကာကွယ်ဆေးမထိုးတာကြာရင် ရောဂါတွေ ပြန်ဖြစ်လာမှာစိုးလို့ အစုလိုက်၊ အပြုံလိုက် ပြန်ထိုးပေးတာပါ”ဟု ၎င်းက ဆိုသည်။

ကာကွယ်ဆေး၏ သဘောအရ ကလေးတစ်ဦးသည် ကာကွယ်ဆေးကို တစ်ကြိမ်သာထိုးနှံပါက ၈၅ ရာခိုင်နှုန်းသာ ရောဂါကို ကာကွယ်ပေးနိုင်ပြီး နှစ်ကြိမ် ထိုးနှံပြီးပါက ၉၅ ရာခိုင်နှုန်းအထိ ရောဂါ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ပုံမှန်အားဖြင့် အသက်တစ်နှစ်အောက် ကလေးများကို ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးထိုးနှံပေးလေ့ရှိသော်လည်း ရန်ပုံငွေရရှိမှု၊ ကာကွယ်ဆေးရရှိမှု စသည့် အခြေအနေအရ ကာကွယ်ဆေးထိုးပေးသည့် အသက် အရွယ်ကို အတိုး၊ အလျှော့ ပြုလုပ်လေ့ရှိကြောင်း ဒေါက်တာ မြတ်ဖြူပြာအေးက ဆိုသည်။

ဝက်သက်ရောဂါပိုးသည် ကူးစက်မြန်သည့် ဗိုင်းရပ်ပိုးတစ်မျိုးဖြစ်ပြီး ယင်းရောဂါဖြစ်ပွားပါက နောက်ဆက်တွဲအဖြစ် ပြင်းထန်အရည်ခန်းခြောက်သော ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပြင်းထန်အာဟာရချို့တဲ့သော ရောဂါများ ဖြစ်ပွားပြီး အသက်သေဆုံးနိုင်ခြေရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဂျိုက်သိုးရောဂါသည် ယင်းရောဂါ ကူးစက်ခံရသော ကလေးများတွင် မပြင်းထန်သော်လည်း ကိုယ်ဝန်ဆောင်များ ရောဂါဖြစ်ပွားပါက ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးသေဆုံးခြင်းအပြင် မွေးဖွားလာသည့် ကလေးငယ်များ မွေးရာပါ ဂျိုက်သိုးရောဂါခံစားရပြီး မွေးရာပါ နှလုံးရောဂါ၊ မျက်စိအတွင်းတိမ်၊ နားမကြားဆွံ့အခြင်းများ ဖြစ်ပွားတတ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းအတွက်ကြောင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွင် တိုင်းအတွင်းရှိ ကလေးမိဘများ ပူးပေါင်းပါဝင် ကာကွယ်ဆေးထိုးနှံပေးရန် တနင်္သာရီတိုင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း အဖွဲ့ခေါင်းဆောင် ဒေါက်တာ မြတ်ဖြူပြာအေးက တိုက်တွန်း ပြောဆိုသည်။ 

Dawei Watch