News

POST TYPE

LATEST NEWS POST

ရိခေါဒါရ်ကုန်သွယ်ရေးဂိတ်မှ အိန္ဒိယနိုင်ငံသို့ ကွမ်းသီးနှင့် စီးကရက် တင်ပို့ခွင့်ပိတ်
21-Oct-2019


ကလေး၊ အောက်တိုဘာ ၂၀

ချင်းပြည်နယ် ရိခေါဒါရ်မြို့နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ရွာ အကြားရှိ မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်ပေါက်မှတစ်ဆင့် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တင်ပို့သည့်ကွမ်းသီးနှင့်စီးကရက်ကို အိန္ဒိယနိုင်ငံက တင်ပို့ခွင့်ပိတ်ထားကြောင်း နယ်စပ် ကုန်သည်များထံမှ သိရသည်။ 

နယ်စပ်ဂိတ်ပေါက်မှတစ်ဆင့် ကွမ်းသီးနှင့် စီးကရက်တင်ပို့မှုကို အိန္ဒိယ နိုင်ငံမှပိတ်ထားခဲ့သည်မှာ အောက်တိုဘာလ ၂၀ ရက်အရောက်တွင် နှစ်လကျော်နေပြီ ဖြစ်သည်။

မြန်မာနိုင်ငံမှတင်ပို့သည့် ကွမ်းသီးများကို အိန္ဒိယနယ်စပ်နေ ကုန်သည်များက အခွန်မဆောင်ဟုဆိုကာ အာသံရိုင်ဖယ် တပ်ဖွဲ့မှ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့အဝင်တွင် မြန်မာနိုင်ငံဘက်မှ လာရောက်သည့် ကွမ်းသီးကား အစီး ၃၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးနောက် အိန္ဒိယဗဟိုအစိုးရ၏ အမိန့်ဖြင့် ပိတ်ခိုင်းခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပိတ်ခိုင်းခဲ့သည့်အတွက် ရိခေါဒါရ်မြို့ရှိ ဂိုထောင်များတွင် ပြည့်နေပြီး ကွမ်းသီးအစိုများ မှိုတက်ပျက်စီးသည့် ဒဏ်နှင့်ရင်ဆိုင်နေကြသည်ဟု ရိခေါဒါရ်မြို့မှ ကွမ်းသီးကုန်သည် ဦးကျီသဲက ပြောကြားသည်။ 

၎င်းက“ဂိုထောင်တွေ ပြည့်ကုန်ပြီ ထားဖို့ နေရာမရှိတော့ဘူး။ ကုန်စုံတော့ သွားလို့ရတယ်၊ ကွမ်းသီးနဲ့ စီးကရက် သွားခွင့်မပြုဘူး။ ဟိုဘက်က ဝင်လာတဲ့ မြေဆီလည်း လုံးဝပိတ်ထားတယ်။ကုန်သည်တွေကတော့ လမ်းမြန်မြန်ဖွင့်၊ မဖွင့်ရင်တော့ အဆင်မပြေတော့ဘူး။ ကွမ်းသီးတွေလည်း ဂိုထောင်ထဲထားတာ ကြာပြီဆိုတော့ မှိုတက်ပျက်စီးတာတွေ ရှိလာတယ်”ဟု ပြောသည်။ 

ရိခေါဒါရ်နယ်စပ်သည် မြန်မာနိုင်ငံမှ ကွမ်းသီးအစိုကို အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့ရပြီး အိန္ဒိယနိုင်ငံ ဇိုခေါထာရ်မှ မြန်မာနိုင်ငံအတွင်း မြေဆီများ အဓိက ဝင်ရောက်ခြင်းဖြစ်သည်။ ရိခေါဒါရ်နယ်စပ်မှ ကွမ်းသီးတင်ပို့မှုအနေနှင့် တင်ပို့ရသည့် အချိန်တစ်ရက်လျင် ကွမ်းသီးအိတ် ၈ ထောင်မှ တစ်သောင်းခွဲအထိ အိန္ဒိယနိုင်ငံသို့ တင်ပို့ရသည်။

ယင်းသို့ တင်ပို့ရသည့် ကုန်စည်များ ပိတ်ထားသည့်အတွက် နယ်စပ်တွင် ကုန်တင်ကုန်ချ အလုပ်သမားများအဖြစ် အလုပ်လုပ်နေကြသည့် အခြေခံ လူတန်းစားများ အလုပ်လက်မဲ့ပြဿနာနှင့် ရင်ဆိုင်နေကြရသည်။ 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နယ်စပ်မှ ပြည်ပပို့ကုန် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၁,၁၀၀ လျာထားပြီး ကုန်သွယ်မှုပမာဏအနေနှင့် အမေရိကန် ဒေါ်လာ ၃၄၉၇၉ ဒသမ ၈၆၃ ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့သဖြင့် လျာထားချက်ထက် ကျော်လွန်ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရိခေါဒါရ်နယ်စပ်သည် ချင်းပြည်နယ် မြောက်ပိုင်း ရိခေါဒါရ်မြို့တွင် တည်ရှိပြီး မြန်မာတစ်နိုင်ငံလုံးမှထွက်ရှိသည့် ကွမ်းသီးနှင့် စီးကရက်များကို စစ်ကိုင်းတိုင်း ကလေးမြို့မှတစ်ဆင့် ကလေး-တီးတိန်-ရိခေါဒါရ် နယ်စပ်ကားလမ်းအတိုင်း တင်ပို့ကြခြင်းဖြစ်သည်။ 

R-20


  • VIA