News

POST TYPE

LATEST NEWS POST

Online Booking စနစ်ဖြင့် ယာဉ်သက်တမ်းတိုးခြင်းကို တစ်ရက်အစီးရေ ၆၅၀ ဆောင်ရွက်ပေးမည်
21-Oct-2019
ရန်ကုန်၊ အောက်တိုဘာ ၂၀

ယာဉ်သက်တမ်းတိုးရန် Online Booking စနစ်ဖြင့် ကညန (မြင်သာ) ရုံးတွင် တစ်ရက်အစီးရေ ၆၅၀ မပြည့်မချင်း ဆောင်ရွက်ပေးနေကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ယာဉ်သက်တမ်းတိုးရန် ဆောင်ရွက်ပေးခြင်းကို ရုံးဖွင့်ရက်များတွင် နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိပြီး လကုန်ရက်ပိုင်းတွင် ယာဉ်သက်တမ်းတိုးပေးရသည့် အစီးရေ ပိုမိုများပြားကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။

“လဆန်းနဲ့ လကုန်ရက်မှာ ပြည့်တတ်လို့ တစ်ရက်အစီးရေ ၆၅၀ မပြည့်မချင်း ဆောင်ရွက်ပေးမယ်ဆိုတာ ကြေညာပေးထားတာပါ။ အဓိက Online Booking စနစ်နဲ့ ယာဉ်သက်တမ်း ဆောင်ရွက်တာကို ပွဲစားတွေက အခကြေးငွေယူပြီး မနက်ဖြန်ရမယ်ဆိုပြီး ဆောင်ရွက်နေတယ်။ တကယ်တော့ အွန်လိုင်းဘိုကင် တင်ပြီးလုပ်ရင် နေ့တိုင်းဆောင်ရွက်ပေးပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် Online Booking ဖြင့် ယာဉ်မှန်၊ မမှန် စစ်ဆေးပေးခြင်းကို လစဉ် ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပုံမှန်စစ်ဆေးကာဆောင်ရွက် ပေးလျက်ရှိကြောင်း ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ရန်ကုန်တိုင်းတွင် တရားဝင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်အစီးရေ ငါးသိန်းလေးသောင်းကျော်ရှိပြီး မြန်မာတစ်ပြည်လုံးတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်အစီးရေမှာ ဆယ်သိန်း ကိုးသောင်းကျော်ရှိကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

J-10
 



  • VIA