News

POST TYPE

LATEST NEWS POST

နွားထိုးကြီးတွင် ရထားစက်ခေါင်းတွဲချော်၊ လက်ထောက်စက်ခေါင်းမောင်း သေဆုံး
20-Oct-2019


မန္တလေး၊ အောက်တိုဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်အတွင်း မန္တလေး-ပုဂံညောင်ဦး အစုန်ရထားတစ်စင်း အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၁ နာရီခန့်က စက်ခေါင်းတွဲချော်ကျခဲ့ပြီး လက်ထောက်စက်ခေါင်းမောင်း ရထားပေါ်မှပြုတ်ကျကာ နေရာတွင်ပင်သေဆုံးသွားကြောင်း မြန်မာ့မီးရထား၊ တိုင်း ၃ ထံမှ သိရသည်။

အဆိုပါရထားသည် မန္တလေးမြို့မှ ပုဂံညောင်ဦးမြို့သို့ စုန်ဆင်းသွားခဲ့ခြင်းဖြစ်ပြီး နွားထိုးကြီးမြို့နယ် ငှက်ပျောအိုင်ကျေးရွာအနီးအရောက်တွင် စက်ခေါင်းတွဲမှာ ရထားလမ်းပေါ်မှ ချော်ကျသွားခဲ့ကာ လက်ထောက်စက်ခေါင်းမောင်း ဦးကျော်ကျော်ဦး (၃၅ နှစ်) မှာ ရထားပေါ်မှ ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။

“ခုလက်ရှိတော့ တွဲချော်ရတဲ့အကြောင်းကို စုံစမ်းနေတုန်းပါပဲ။ ဒီဘက်ကနေ ချော်ကျတဲ့တွဲကို ပြန်ဆွဲယူဖို့သွားနေပြီ။ ခရီးသည်တွေကိုတော့ ကျွန်တော်တို့ ရထားစက်ခေါင်းလွှဲပြောင်းပြီးတော့ ခရီးစဉ်အတိုင်း ပို့ဆောင်ပေးပြီးဖြစ်ပါတယ်”ဟု တိုင်း ၃ မှ အင်ဂျင်နီယာ ဦးအောင်ခင်က ရှင်းပြပြောဆိုသည်။

စက်ခေါင်းတွဲချော်ကျခဲ့သော်လည်း ခရီးသည်တွဲများမှာ ချော်ကျခြင်းမရှိခဲ့သည့်အတွက် ခရီးသည်များ ထိခိုက်ခြင်းမရှိကြောင်း သိရသည်။

လက်ရှိတွင် လက်ထောက်စက်ခေါင်းမောင်း ဦးကျော်ကျော်ဦး၏ သေဆုံးမှုနှင့်ပတ်သက်ပြီး နွားထိုးကြီးမြို့မရဲစခန်းတွင် သေမှုသေခင်းဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

M-04



  • VIA