News

POST TYPE

LATEST NEWS POST

မန္တလေးတိုင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၄၅ သိန်းကျော်ရှိ
17-Oct-2019
မန္တလေး၊ အောက်တိုဘာ ၁၇

ကောက်ယူခဲ့သည့် အခြေခံမဲစာရင်းများအရ မန္တလေးတိုင်းဒေသကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၄၅ သိန်းကျော်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

အခြေခံမဲစာရင်းပြုစုခြင်းလုပ်ငန်းများကို ပူးပေါင်းအဖွဲ့များဖြင့် ပြုလုပ်နေခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး၌ မဲဆန္ဒရှင် ၄၄ သိန်းကျော်ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက ပြောကြားသည်။

“မဲစာရင်းပြုစုတာတော့ ပြီးသွားပါပြီ။ ဒီမဲစာရင်းမှာတော့ တပ်မဲစာရင်းတွေ မပါသေးဘူး။ ခုလောလောဆယ် မဲဆန္ဒရှင်အင်အားက ၄၅ သိန်းကျော်ရှိတယ်။ တပ်မဲစာရင်းကတော့ ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားလာရင် ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမယ်။ မဲစာရင်းကတော့ တိုးဖို့ပဲရှိပါတယ်” ဟု ၎င်းကရှင်းပြသည်။

ပြုစုထားသည့် အခြေခံမဲစာရင်းများကို နိုဝင်ဘာလမှစတင်ကာ လစဉ်အဆင့်မြှင်တင်မှုများ ပြုလုပ်သွားမည်ဖြစ်ကာ အခြေခံမဲစာရင်းပြုစုခြင်းလုပ်ငန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်းပြုစုသည့်နှစ်အဖြစ် သတ်မှတ်ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

မြတ်မင်း