News

POST TYPE

LATEST NEWS POST

သိထားသင့်သည့် တရုတ်တို့၏ စစ်အင်အား
14-Oct-2019


(၁)

အောက်တိုဘာလ ၁ ရက်နေ့၊ တရုတ်ပြည် ထူထောင်သောနေ့နှင့် ကွန်မြူနစ်ပါတီအုပ်ချုပ်ခဲ့သော ၇၀ နှစ်ပြည့်မြောက်သော အခမ်းအနားကို ကြည့်မိသူ ပရိသတ်အဖို့ တရုတ်ပြည်၏ စစ်အင်အားသည် အမေရိကန်ပြည်ထောင်စုကို မီဖို့ရာ နီးပြီလားဟု တွေးတောမိကောင်း တွေးတောမိကြပါလိမ့်မည်။ အဖြေမှာ ယေဘုယျတွေးဆချက်များထက် အများကြီး ပို၍နီးသည်ဟု ဆိုရပါလိမ့်မည်။

ခရစ်နှစ် ၂၀၅၀ ပြည့်နှစ်တွင် ခေတ်မီတပ်မတော်ကြီးဖြစ်ရမည်ဟု ရည်မှန်းချက်ထားရှိပြီး တိုက်ချင်းပစ်ဒုံးပျံကြီးများ၊ အသံထက်မြန်သော ဒရုန်းများ၊ ခေတ်ရှေ့ပြေးနေသော တင့်ကားများဖြင့် အခမ်းအနားကို ကျင်းပခဲ့သည်။

တိန်ယန်မင်လွင်ပြင်တွင် ကျင်းပခဲ့သော ထိုအခမ်းအနားသို့ စစ်သားပေါင်း ၁၅,ဝ၀၀ ပါဝင်ဆင်နွှဲခဲ့ပြီး စစ်လေယာဉ် အစင်း ၁၆၀ က လေမှာဝဲကာ စစ်သုံးဆိုင်ရာ ကားအစီး ၅၈၀ တို့က ရင်ပြင်ပေါ်မှာ မောင်းလာကြသည်။ DF-41 ခေါ် နျူကလီယာထိပ်ဖူး ၁၀ ခုအထိ သယ်ဆောင်နိုင်သော ဒုံးကျည် (Miissle) မစ်ဆိုင်းများမှာ အမေရိကတိုက်၏ ဘယ်နေရာမဆို ပစ်ခတ်နိုင်ပါသည်။ 

ခရစ်နှစ် ၂၀၁၁ ခုနှစ်မှစ၍ အမေရိကန်တို့၏ စစ်အသုံးစရိတ်မှာ အီရတ်နှင့် အာဖဂန်စစ်ပွဲအပြီးတွင် လျော့ကျလာနေချိန်တွင် တရုတ်၊ ရုရှားနှင့်ဆော်ဒီအာရေးဗီးယားတို့၏ အသုံးစရိတ်မှာ တိုးလာနေသည့် သဘောရှိပါသည်။

တရုတ်ပြည်၏ ကာကွယ်ရေးဘတ်ဂျက်သည် စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနဌာန (International Peace Research Institute) ၏ ခန့်မှန်းချက်အရ ၁ ဒသမ ၇ ထရီလီယံရှိပါသည်။ ၎င်းသည် တရုတ်ပြည် ဂျီဒီပီ (GDP) ၏ ၁ ဒသမ ၉ ရာခိုင်နှုန်းရှိပါသည်။

တရုတ်ပြည်၏ ငွေကြေးပြောင်းလဲနှုန်းအရ တွက်ချက်ကြည့်သော် တရုတ်ပြည်၏ တစ်နှစ်တစ်နှစ်လျှင် ကာကွယ်ရေးအတွက်သုံးငွေမှာ အမေရိကန်ဒေါ်လာ ၂၂၈ ဘီလီယံမျှရှိပါသည်။ အမေရိကန်ပြည်၏ ကာကွယ်ရေးအတွက်သုံးသော ဘတ်ဂျက်မှာ ၆၄၉ ဘီလီယံဒေါ်လာ ရှိရာဂျီဒီပီ၏ ၃ ဒသမ ၂ ရာခိုင်နှုန်းရှိပါသည်။

တရုတ်ပြည်၏ စစ်သုံးဘတ်ဂျက်မှာ အမေရိကန်တို့ စစ်သုံးငွေ၏ ၄၀ ရာခိုင်နှုန်းရှိပါသည်။ အမေရိကန်တို့၏ ကာကွယ်ရေးအသုံးစရိတ်မှာ အနီးစပ်ဆုံးနောက်ထပ် ခုနစ်နိုင်ငံပေါင်း၏ (တရုတ်၊ ရုရှား၊ ဆော်ဒီအာရေးဗီးယား၊ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်၊ အိန္ဒိယတို့ အားလုံးပေါင်း၏ ဘတ်ဂျက်ငွေပမာဏနှင့် ညီမျှပါသည်။)

ထိုသို့ဆိုခြင်းဖြင့် အမေရိကန်တို့၏ စစ်သုံးစရိတ်ကို မြှင့်တင်ပေးရာ ရောက်ပါသည်။ တရုတ်ပြည်ကို နှိမ့်ချပြောဆိုသကဲ့သို့ ရှိပါသည်။ တကယ်က ပြင်ပပေါက်ဈေးနှုန်းနှင့်တွက်သော် တရုတ်တို့၏ အသုံးစရိတ်မှာ အမေရိကန်ပြည်ထောင်စု၏ ၇၅ ရာခိုင်နှုန်းခန့်ရှိပါသည်။

(၂)

ငွေကြေးတို့၏ ဝယ်နိုင်အားတန်ဖိုး

ပြဿနာရှိသည်မှာ ငွေကြေးကို တန်ဖိုးပြောင်းလိုက်ရုံဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်အသုံးစရိတ်များကို နှိုင်းယှဉ်၍မရနိုင်ပါ။ အမေရိကန် သို့မဟုတ် ဩစတြေးလျနိုင်ငံသားတို့ တရုတ်ပြည်ကို အလည်သွားသောအခါ လမ်းမှာတွေ့ရသော အစားအစာ၊ အိမ်တွင်းအကူအဖြစ် ငှားရမ်းရာတွင် အလွန်ဈေးချိုသည်ကို တွေ့ကြရပါသည်။ စစ်တပ်ဆိုင်ရာအသုံး စရိတ်တွင်လည်း ဤအတိုင်းပြော၍ရပါသည်။

အမေရိကန်စစ်သားတစ်ယောက်၏ လစာမှာ ဥပမာ-တစ်နှစ်လျှင် ၆၀,ဝ၀၀ ဒေါ်လာ ဆိုကြပါစို့။ ဤငွေနှင့် တရုတ်ပြည်လွတ်မြောက်ရေး တပ်မတော်အတွက် စစ်သားမြောက်မြားစွာကို ငှားရမ်းနိုင်ပါသည်။

ထို့ကြောင့် နိုင်ငံနှစ်နိုင်ငံကို နှိုင်းယှဉ်တော့မည်ဆိုပါလျှင် နိုင်ငံနှစ်ခု၏ လေဘာနှင့် အော်ပရေးရှင်း အသုံးစရိတ်များကို ထည့်တွက်ရပါမည်။ နိုင်ငံနှစ်ခု၏ ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ အသုံးစရိတ်၊ အော်ပရေးရှင်းဆိုင်ရာ အသုံးစရိတ်များကို နှိုင်းယှဉ်ကြည့်ရပါမည်။

ဖိုက်တာဂျက်များနှင့် စစ်သင်္ဘောများအတွက် ကုန်ကျငွေကို ဈေးကွက်ဈေးနှုန်းနှင့် တွက်ကြည့်နိုင်ပါသည်။ တခြားစရိတ်များဖြစ်သော လူပုဂ္ဂိုလ်ဆိုင်ရာအသုံးစရိတ်များကို အလားတူ လေ့ကျင့်  (Train) ထားသော ပုဂ္ဂိုလ်အချင်းချင်း နှိုင်းယှဉ်ကြည့်ရပါသည်။ ထိုနောက်မှ (Purchasing Power Parity) ကို နှိုင်းယှဉ်ရန်အတွက် ပြောင်းလဲသည့်နှုန်း သတ်သတ် တွက်ယူရပါသည်။

ထိုပြောင်းလဲသည့်နှုန်းရပြီဆိုလျှင် ဤပိုက်ဆံဖြင့် ထိုနိုင်ငံအတွင်း မည်မျှဝယ်၍ ရနိုင်သည်ကို ကြည့်ရပါသည်။ တိုင်းပြည်တွင်း ဖြစ်ပေါ်နေသည့် ဈေးနှုန်းကိုလိုက်၍ အသုံးစရိတ်များ တွက်ချက်ရပါသည်။ ထိုသို့ ပြောင်းလဲနေသည့်နှုန်းကို လိုက်၍ ငွေသုံးစွဲရန် စီမံသူများက ကာကွယ်ရေးဆိုင်ရာ လိုအပ်ချက်များကို ကြည့်ကာ သုံးစွဲကြရပါသည်။

ထိုကွဲပြားချက်များကိုထည့်ပေါင်း၍ ကြည့်လိုက်သောအခါ တရုတ်တို့၏ အသုံးစရိတ်သည် အမေရိကန် ဒေါ်လာ ၄၅၅ ဘီလီယံမျှ ရှိကြောင်း တွေ့ရှိရပါသည်။ ၎င်းသည် ငွေလဲနှုန်းအရ တိုက်ရိုက်ပြောင်းလဲခြင်းနှင့်စာသော် နှစ်ဆမျှတိုးလာကြောင်း တွေ့ရှိနိုင်ပါသည်။ အမေရိကန် အသုံးစရိတ်၏ ၇၄ ရာခိုင်နှုန်းရှိကြောင်း တွေ့ရပါသည်။ 

တစ်ကမ္ဘာလုံးနှင့် နှိုင်းယှဉ်ကြည့်ခြင်း

ထိုကဲ့သို့သော လေဘာနှင့်ဆားဗစ်ဆိုင်ရာ အလွန်ဈေးနှုန်းချိုသာသော နိုင်ငံများနှင့် အသုံးစရိတ်ကို နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ 

ရိုးရိုးငွေလဲနှုန်းနှင့်ကြည့်သော် ရုရှားနှင့် အိန္ဒိယနိုင်ငံတို့၏ အသုံးစာရိတ်မှာ အမေရိကန်တို့၏ ၁၀ ရာခိုင်နှုန်းသာရှိပါသည်။ သို့သော် ကာကွယ်ရေးအသုံးစရိတ်ကို သူတို့နိုင်ငံတွင်း၌ ရှိသည့်ဈေးနှုန်းအရ တွက်သော် ရုရှားတို့သည် အမေရိကန်တို့၏ ၃၀ ရာခိုင်နှုန်းရှိပါသည်။ အိန္ဒိယက ၄၀ ရာခိုင်နှုန်းရှိပါသည်။

ဤကဲ့သို့သောနည်းနှင့်တွက်ကြည့်သောအခါ အင်ဒိုနီးရှား၊ ယူကရိန်းနှင့် ကိုလံဘီယာကဲ့သို့သော နိုင်ငံများ၏ ကာကွယ်ရေးအသုံး စရိတ်များမှာ တက်လာကြပါသည်။

ဥပမာ - အင်ဒိုနီးရှား၏ ၂၀၁၈ ခုနှစ်အတွက် ဘတ်ဂျက်မှာ အမေရိကန်ဒေါ်လာ ၈ ဘီလီယံမျှသာရှိပါသည်။ ဝယ်နိုင်အားအရ ပိုမိုတိကျသော နှုန်းဖြင့်တွက်ရာ အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံမျှ ဖြစ်သွားပါသည်။ ဆိုလိုသည်မှာ ဩစတြေးလျနိုင်ငံ အသုံးစာရိတ်ထက် များစွာပိုမိုသွားကြောင်း တွေ့ရပါသည်။

စစ်တပ်တစ်တပ် ထူထောင်ရန် တန်ဖိုးကြီးမားသည်။ လူတို့၏ စရိတ်က ကြီးမားသည်ဆိုခြင်းမှာ သူ့တွင် ကောင်းသောတန်ဖိုး ရှိသည်ဟုဆိုလိုရာ မရောက်ပါ။ ကျွန်တော်တို့သိလိုသော စစ်တပ်၏ တန်ဖိုးအတွက် နံပါတ်အရေအတွက်သည် အခါခပ်သိမ်းကောင်းသည် မဟုတ်ပါ။ စစ်တပ်ဆိုင်ရာ စွမ်းရည်ဆိုသည်က တခြားဖြစ်ပါသည်။ ပစ်ခတ်နိုင်စွမ်းအား၊ ဖျက်ဆီးနိုင်စွမ်းအားသည် စစ်တပ်တစ်တပ်၏ စုပေါင်းအင်အားမှ လာပါသည်။ နံပါတ်များမှာ ယေဘုယျ စစ်တပ်များ၏ ကမ္ဘာလုံးဆိုင်ရာစစ်တပ်များ၏ ဖြန့်ချထားပုံကိုသာ သိနိုင်ပါသည်။

ထို့ကြောင့် တရုတ်ပြည်၏ စစ်တပ်ဆိုင်ရာပြပွဲကိုကြည့်၍ သူတို့၏ တိုးတက်လာပုံသဘောကို သိနိုင်ပါသည်။ သို့ပါသော်လည်း အမေရိကန်မှာ ယနေ့တိုင် နံပါတ် ၁ သာ ဖြစ်ပါသည်။ သို့သော် သင်ထင်ထားသကဲ့သို့ ကွာခြားကြသည်တော့မဟုတ်ပါ။ 

ကိုသန်းလွင်



  • VIA