News

POST TYPE

LATEST NEWS POST

အမျိုးသမီးများထံမှ ကာမလိမ်လည်ရယူပြီး ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသားကိုဖမ်းမိ
21-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၂၁

မန္တလေးနှင့် ဘားအံမြို့တွင် နေထိုင်သည့် အမျိုးသမီးအချို့ကို ဖြားယောင်သွေးဆောင်ပြီး ကာမလိမ်လည်ရယူကာ ငွေကြေးနှင့်ပစ္စည်းများယူဆောင်၍ ထွက်ပြေးတိမ်းရှောင်နေသူဟုဆိုသော အမျိုးသားတစ်ဦးကို စက်တင်ဘာ ၂၀ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူ ဇွဲပြည့်ဟိန်းထက် (ခ) ဇွဲမာန်(ခ) ဇွဲပြည့်(ခ) ညီညီမင်းထက်မှာ အွန်လိုင်းပေါ်မှတစ်ဆင့် အမျိုးသမီးအချို့နှင့် ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်ပြီးနောက် ကာမလိမ်လည်ရယူပြီး ယင်းအမျိုးသမီးများပိုင်ဆိုင်သည့် ဆိုင်ကယ်၊ လက်ကိုင်ဖုန်းနှင့် ငွေကြေးများယူဆောင်၍ ထွက်ပြေးတိမ်းရှောင်နေကြောင်း မန္တလေးမြို့ ရဲပရဟိတအဖွဲ့ထံမှ သိရသည်။

“မိန်းကလေးတွေကရှက်လို့ ရဲစခန်းမှာ အမှုမဖွင့်ကြဘူး။ နီးစပ်ရာ အဆက်အသွယ်ကနေတစ်ဆင့် ဒီဖြစ်စဉ်ကိုသိခဲ့ရတာကြောင့် ရန်ကုန်မှာရှိတဲ့ မိတ်ဆွေတွေနဲ့ချိတ်ဆက်ပြီး ကာမလိမ်လည်ရယူနေသူကို စုံစမ်းခဲ့တာပါ”ဟု မန္တလေးမြို့ ရဲပရဟိတအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

ပြစ်မှုကျူးလွန်သူကိုဖမ်းဆီးနိုင်ရန် လူမှုကွန်ရက်စာမျက်နှာဖြစ်သော ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မိန်းကလေးအမည်ဖြင့် အကောင့်တစ်ခုဖွင့်၍ ယင်းအမျိုးသားအသုံးပြုနေသည့် ဖေ့စ်ဘွတ်ခ်အကောင့်တွင်အပ်ခဲ့ပြီး မြန်မာပလာဇာတွင် တွေ့ဆုံရန်ချိန်းဆိုခဲ့သည်။

မြန်မာပလာဇာသို့ ရောက်ရှိလာသည့် ဇွဲပြည့်ဟိန်းထက် (ခ) ဇွဲမာန် (ခ) ဇွဲပြည့် (ခ) ညီညီမင်းထက်ကို အသွင်ယူ စောင့်ဆိုင်းနေသူများက ရန်ကင်းရဲစခန်းသို့ခေါ်ဆောင်၍ အပ်နှံခဲ့ပြီး ယင်းအမျိုးသားမှာ ကရင်ပြည်နယ်၊ ဘားအံမြို့မ ရဲစခန်းတွင် ဆိုင်ကယ်ခိုးယူလိမ်လည်မှုဖြင့် အမှုဖွင့်ခံထားရသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03