News

POST TYPE

LATEST NEWS POST

တရားမဝင် ပိုးသတ်ဆေးရောင်းချသူများကို ရောင်းချခွင့်ပိတ်
19-Sep-2019
တောင်ငူ၊ စက်တင်ဘာ ၁၈

ပဲခူးတိုင်းမြို့နယ်များအတွင်း တရားမဝင် ပိုးသတ်ဆေးရောင်းချသည့်ဆိုင်များကို လိုင်စင်သိမ်းပြီး ရောင်းချခွင့်ပိတ်သိမ်းကြောင်း ပဲခူးတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က ပြောကြားသည်။

စက်တင်ဘာ ၁၇ ရက်က ပြုလုပ်သည့် ပဲခူးတိုင်းလွှတ်တော်တွင် အုတ်ဖိုမြို့နယ် အမှတ် (၂) မဲဆန္ဒနယ် တိုင်းလွှတ်တော်အမတ် ဦးစောသူရအောင်၏အဆိုနှင့်ပတ်သက်ပြီး ဝန်ကြီးက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

တိုင်းအစိုးရက ပိုးသတ်ဆေးအန္တရာယ် ကင်းရှင်းစွာ စနစ်တကျ အကျိုးရှိရှိသုံးစွဲရန် မည်ကဲ့သို့ ကြပ်မတ်ဆောင်ရွက်ပြီး အရေးယူမှု အခြေအနေတို့ကို သိလိုကြောင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

“တရားမဝင်ပိုးသတ်ဆေး ရောင်းတဲ့ ဆိုင်ကိုတွေ့ရှိရင် လက်လီလက်ကားရောင်းချခွင့် လိုင်စင်ပိတ်တယ်။ပိုးသတ်ဆေးကို သိမ်းယူတယ်။ ပိတ်သိမ်းမှုကာလက သုံးလကနေ ခြောက်လထိရှိပါတယ်”ဟု ဝန်ကြီးက ပြောသည်။

တိုင်းစိုက်ပျိုးရေးဦးစီးဌာနကလည်း ပိုးသတ်ဆေးကို အန္တရာယ်ကင်းရှင်းစွာနှင့်စနစ်တကျ သုံးစွဲရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အလိုက် တောင်သူများကို ဆွေးနွေးပေးနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

“ဒီဥပဒေ အသက်ဝင်၊ မဝင် စောင့်ကြည့်တဲ့အနေနဲ့ မေးခွန်းမေးခဲ့တာပါ။ အဆိုတင်တာမျိုး မဟုတ်ပါဘူး”ဟု မေးခွန်းမေးမြန်းသူ အုတ်ဖို (၂) တိုင်းလွှတ်တော် အမတ် ဦးစောသူရအောင်က ပြောသည်။

ပဲခူးတိုင်းအတွင်း၂၀၁၆ ခုနှစ်မှ ယနေ့အထိ ဆေးဆိုင်၂၀ ခန့်ကို ပိုးသတ်ဆေးဝါး လက်လီလက်ကားရောင်းချခွင့် သုံးလမှ ခြောက်လအထိ ပိတ်သိမ်းခဲ့ကြောင်း ပဲခူးတိုင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

R-15


  • VIA