News

POST TYPE

LATEST NEWS POST

မူးယစ်ရမ်းကားနေသည့် သရုပ်ဆောင် လင်းလက်ဟိန်းကို သေနတ်ဖြင့်ပစ်ဖမ်း
19-Sep-2019



ရန်ကုန်၊ စက်တင်ဘာ ၁၉

သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက်၊ ရတနာပုံလမ်းတွင် စက်တင်ဘာ ၁၉ ရက် နံနက် ၅နာရီခွဲက သံတုတ်နှင့် ကပ်ကြေးကိုင်ဆောင်ပြီး မူးယစ်ရမ်းကားနေသူ ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် လင်းလက်ဟိန်းကို ၁၂ ဗို့ ပန့်အက်ရှင် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သရုပ်ဆောင် လင်းလက်ဟိန်းမှာ လူ့အသက်အန္တရာယ် ဖြစ်စေနိုင်သည့် လက်နက်များ ကိုင်ဆောင်ပြီး အများပြည်သူ သွားလာနေသည့် လမ်းပေါ်တွင် မူးယစ်ရမ်းကားနေကြောင်း ဝမ်းနိုင်းနိုင်းထံ ဖုန်းဆက် သတင်းပေးတိုင်ကြားလာသဖြင့် ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာသို့ သွားရောက်ပြီး လင်းလက်ဟိန်းကို လက်နက်ချ၍ အသာတကြည် အဖမ်းခံရန် ပြောဆိုခဲ့သည်။

ရဲတပ်ဖွဲ့၏ အကြိမ်ကြိမ်ပြောဆိုခဲ့မှုအပေါ် လင်းလက်ဟိန်းက လက်မခံဘဲ လက်ထဲတွင် အသင့်ကိုင်ဆောင်ထားသည့် သံတုတ်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ကတ်ကြေးဖြင့် ပြေးထိုးစဉ် ၁၂ ဗို့ ပန့်အက်ရှင်သေနတ်ဖြင့် ပစ်ခတ်ပြီး ၄င်းကို ဖမ်းဆီးခဲ့သည်။

ပန့်အက်ရှင် သေနတ်ဖြင့် ပစ်ခံရသူ သရုပ်ဆောင် လင်းလက်ဟိန်း (ခ) သန်းထိုက်ဦး(၃၆) နှစ်မှာ ညာပေါင်တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ ၎င်းကို အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03