News

POST TYPE

LATEST NEWS POST

ပွဲစားပြဿနာဖြေရှင်းနိုင်ရန် အလုပ်ရှာဖွေသူနှင့် အေဂျင်စီ တိုက်ရိုက်ချိတ်ဆက်နိုင်ရေး စီစဉ်
17-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၆

ပွဲစားပြဿနာဖြေရှင်းနိုင်ရေးအတွက် အလုပ်ရှာဖွေသူနှင့် ပြည်ပအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီတို့ကြား တိုက်ရိုက်ချိတ်ဆက်ပေးနိုင်ရန် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) က ISSARA Institute နှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ယင်းအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူက ပြောကြားသည်။

ပြည်ပသို့ သွားရောက်လုပ်ကိုင်လိုသူများနှင့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများကြား တိုက်ရိုက်ချိတ်ဆက်ပေးနိုင်ရေး အပါအဝင် အလုပ်အကိုင်ရှာဖွေရေးဖြစ်စဉ်ကြီး တစ်ခုလုံးကို သိရှိနိုင်ရန် ရွှေအိပ်မက် အပလီကေးရှင်းကို အဆင့်မြှင့်တင်ရန် ပူးပေါင်းလုပ်နေသည်ဟု ဦးမြတ်သူက ဆိုသည်။ 

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ အလုပ်သမားပို့ဆောင်ရာတွင် ပို့ဆောင်ခ ကုန်ကျစရိတ်ကို အလုပ်သမားက ပေးဆောင်ရန်မလိုသည့် Zero Payment အစီအစဉ်ဖြင့် ပို့ဆောင်နေခြင်းဖြစ်သည်။ 

သို့သော်လည်း အလုပ်သမားကို နယ်မှခေါ်ဆောင်လာပေးသည့် ကြားပွဲစားများက ပိုက်ဆံများ တောင်းယူခြင်းနှင့် တစ်ဖက်နိုင်ငံရောက်ပါက ပိုက်ဆံပေးရခြင်းများရှိသည်ဟု ပြောဆိုပါက အေဂျင်စီအနေနှင့် မူလသဘောတူညီချက် ချိုးဖောက်မှုဖြင့် လျော်ကြေးပေးဆောင်ရကြောင်း Golden Royal Mandalay ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ ဦးသန်းထွဋ်ဦးက ပြောကြားသည်။

“ရွာကနေခေါ်လာတယ်။ ဘယ်လောက်ဘယ်ရွေ့ ယူတယ်။ Passport စာအုပ်လုပ်တယ်။ ပြီးတော့ အေဂျင်စီပေါ် တင်ပေးလိုက်တယ်။ ဘယ်လိုဖြေရမလဲဆိုတာ အင်တာဗျူး သင်ပေးလိုက်တယ်။ တချို့ကလေးတွေကျ ဟိုဘက်မရောက်ခင်မှာ ပေါ်တယ်။ တချို့ကလေးတွေကျ မပေါ်ဘဲ မလေးရှားရောက်တော့ စက်ရုံကမေးတော့ ထပ်ပေါ်လာရော။ အဲဒီအခါ ဒီမှာ ပိုက်ဆံယူတဲ့လူကို မရှင်းဘဲ သူစာချုပ်ထားတဲ့ အေဂျင်စီက တာဝန်ယူဖြေရှင်းပေးရမှာဖြစ်တယ်။ ရက် ၉၀ အတွင်း မရှင်းပေးနိုင်ရင် အေဂျင်စီကိုပေးရမယ့် ပိုက်ဆံထဲက ဖြတ်ချပစ်တယ်”ဟု ဦးသန်းထွဋ်ဦးက ပြောဆိုသည်။

ထို့ကြောင့် MOEAF အနေနှင့် နည်းပညာရပ်ပိုင်းကတစ်ဆင့် အလုပ်ရှာဖွေသူများကို အကူအညီပေးနိုင်ရန် စီစဉ်ရန် လိုအပ်သည့်အပြင် နည်းပညာ အလှမ်းကွာဝေးသည့် ကျေးလက်နေပြည်သူများကိုပါ မြေပြင်ကွင်းဆင်းကာ အသိပညာပေး ပွဲပြုလုပ်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ပြပွဲများလုပ်ဆောင်ခြင်းနှင့် ကြော်ငြာခွင့်ကို အစိုးရဆီက တရားဝင်ရနိုင်ရန် စသည်တို့ကို ဆောင်ရွက်နေခြင်းများရှိကြောင်း ဆိုသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပွဲစားသောင်းနဲ့ချီပြီးရှိမယ်။ သိန်းနဲ့ချီပြီး ရှိမယ်။ ဒါတွေကို ဘယ်သူမှ ထိရောက်စွာ အရေးမယူနိုင်ဘူးဖြစ်နေတယ်။ ဒီအတွက် အများကြီး စဉ်းစားပြီးတော့ ဘယ်လိုအဆင် ပြေအောင်လုပ်မလဲ တိုက်ရိုက်တွေ့နိုင်အောင် အမြဲလုပ်ဆောင်နေပါတယ်”ဟု ဦးမြတ်သူက ပြောကြားသည်။

မြန်မာနိုင်ငံကနေ ပြည်ပကိုသွား ရောက်လုပ်ကိုင်သည့် အေဂျင်စီလုပ်ငန်း ၃၀၀ ဝန်းကျင်ခန့်ရှိပြီး ၎င်းတို့ကနေ ထိုင်း၊ မလေးရှား၊ ဂျပန် စသည့်နိုင်ငံသို့ပို့ဆောင်ပေးနေသည့် လုပ်သားမှာ ၂၀၁၉ ခု နှစ်စမှာ ဩဂုတ်လအထိ တရားဝင်မြန်မာလုပ်သား နှစ်သိန်းဝန်းကျင်ခန့်ရှိကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ 

စိုင်းဟန်



  • VIA