News

POST TYPE

LATEST NEWS POST

ရနောင်းလူသတ်မှုနှင့် ပတ်သက်၍ မြန်မာနှစ်ဦးအပြစ်မရှိကြောင်း အမိန့်ချ
17-Sep-2019

ရန်ကုန်၊ စက်တင်ဘာ ၁၆

 ရနောင်းလူသတ်မှုတွင် အပြစ်ကျူးလွန်ခဲ့သည်ဟု ထိုင်းတရားရေးဌာနက ပြစ်ဒဏ်ချမှတ်ခဲ့သည့် အမှုအား ရနောင်းမြို့ အယူခံတရားရုံးက မြန်မာရွှေ့ပြောင်း လူငယ်များအနေနှင့် အပြစ်မရှိကြောင်း စက်တင်ဘာလ ၁၆ ရက်က တရားဝင် ဖတ်ကြားအမိန့်ချခဲ့ကြောင်း ယင်းအမှုကို လိုက်ပါကူညီပေးနေသူ ဦးထူးချစ်က ပြောကြားသည်။

အသက် ၁၇ နှစ်အရွယ် ထိုင်းအမျိုးသမီး အိုရာဝီဆမ်ပါအိုတန် အသတ်ခံရပြီး တစ်လအကြာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် မြန်မာ နိုင်ငံသားများဖြစ်သည့် စိန်ကတုံး၊ ဝေလင်း၊ မိုးဇင်အောင်နှင့် ကျော်စိုးဝင်းတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းပြီး ပုဒ်မ ၅ ခုဖြင့် တရားစွဲခံရခြင်းဖြစ်သည်။

ထိုအမှုနှင့်ပတ်သက်၍ ထောင်ဒဏ် ၆ နှစ်နှင့် ၈ နှစ် အသီးသီးချမှတ်ခံခဲ့ရသည့် မြန်မာရွှေ့ပြောင်း ရေလုပ်သား ၂ ဦးဖြစ်သည့် စိန်ကတုံးနှင့် ဝေလင်းတို့အမှုမှာ ထောင်တွင်း ၃ နှစ် ၈ လအကြာနေထိုင်ပြီး ၂၀၁၉ ခု ဇွန် ၂၆ ရက်တွင် ရနောင်းခရိုင် တရားရုံးက အနိုင်ပေးခဲ့ခြင်းဖြစ်သည်။ 

အမှုဖြစ်ပွားချိန်က မိုးဇင်အောင်နှင့် ကျော်စိုးဝင်းတို့မှာ အသက် ၁၈နှစ် မပြည့်သေးသည့်အတွက် ရနောင်းကလေး သူငယ်တရားရုံးက ထောင်ဒဏ် ၄ နှစ်နှင့် ၂ နှစ် အသီးသီးပြစ်ဒဏ်ချမှတ်ခဲ့သည်မှာ ပြန်လွှတ်ပြီးဖြစ်သော်လည်း အယူခံဆက်ဝင်ရာတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

“အဓိက,ကတော့ ကလေးတွေက လွှတ်ပြီးပါပြီ။ ဒီနေ့ကတော့ တရားဝင် တရားရုံးမှာ ဖတ်ကြားခဲ့တာပါ။ ကလေးတွေမှာ သူတို့အပြစ်မရှိကြောင်းကို ထင်ရှားတယ်။ နောက်တစ်ခုက ထိုင်းရဲတပ်ဖွဲ့ရဲ့ စွပ်စွဲချက်တွေက ခိုင်လုံမှုမရှိဘူးလို့ ထိုင်းအယူခံ တရားရုံးက ဆုံးဖြတ်တယ်။ ဒါကြောင့်မို့ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်တာပါ။ ဒါပေမဲ့ ဟိုဘက်က ကျန်အစိုးရရှေ့နေတွေက ဘယ်လိုထပ်ပြီး တင်ဦးမလဲဆိုတာ မသိသေးဘူး။ ဆိုလိုတာက အမှုက ယတိပြတ်တော့ မပြီးသေးဘူးလိုတော့ ပြောလို့ရတာပေါ့”ဟု ဦးထူးချစ်က ပြောကြားသည်။

အဆိုပါလူငယ်များအား ရနောင်း ခရိုင်အယူခံတရားရုံးက အပြစ်မကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်နိုင်ခဲ့ခြင်းမှာ ထိုင်းရဲ တပ်ဖွဲ့အနေနှင့် လူငယ်များသတ်သည် ဟုတင်ပြနိုင်သည့် မျက်မြင်သက်သေ မရှိခြင်း၊ တင်ပြခဲ့သည့် သက်သေများမှာလည်း မခိုင်လုံသည့်အတွက် လူငယ်များအနေနှင့် ထိုင်းဥပဒေ၏ အကာအကွယ်ပေးမှုကို ရရှိခဲ့ကြောင်း ဆိုသည်။

ထို့နောက် စီစီတီဗီတွင် တင်ပြခဲ့သည့် ဓာတ်ပုံများသည် “မောင်ကျော်စိုးဝင်းနှင့် မောင်မိုးဇင်အောင်တို့”ဟု ရဲတပ်ဖွဲ့က တင်ပြချက်များသည် မတူညီကြောင်း အယူခံတရားရုံးက တွေ့ရှိရကြောင်း ဖတ်ကြားခဲ့သည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် ထိုင်းရဲတပ်ဖွဲ့က တင်ပြသည့် လူသတ်မှုဖြစ်ပွားခဲ့သည့်အချိန်တွင် မောင်မိုးဇင်အောင်အနေနှင့် အလုပ်ရုံထဲတွင် ရှိနေကြောင်းကို ထိုင်းလုပ်ငန်းရှင်နှင့် မောင်မိုးဇင်အောင်၏သူငယ်ချင်း မောင်နေစိုးတို့ သက်သေ ထွက်ဆိုချက်များသည် ယုံကြည်နိုင်လောက်ကြောင်း တရားရုံးက သုံးသပ်ပြီး ရဲတပ်ဖွဲ့၏ တင်ပြချက်သည် ယုံကြည်ဖို့ ခက်ခဲကြောင်း ဆုံးဖြတ်ခဲ့ကြောင်း ဦးထူးချစ်က ပြောဆိုသည်။

သေဆုံးသူ ထိုင်းကျောင်းသူလေးက မောင်မိုးဇင်အောင်အား ပြန်လည်တိုက်ခိုက်စဉ် မောင်မိုးဇင်အောင်၏ မျက်နှာအား လက်သည်းနှင့် ကုတ်ခြစ်ခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့၏ တင်ပြချက်ကို မှုခင်းမျိုးရိုးဗီဇ ဆရာဝန်က စစ်ဆေးရာ ကလေးမလေး၏ လက်သည်းတွင်ရှိသည့် မျိုးရိုးဗီဇနှင့် မောင်မိုးဇင်အောင်၏မျိုးရိုး ဗီဇ မတူညီခဲ့ကြောင်း၊ (မှုခင်းဆရာဝန်က ထွက်ဆိုခြင်း)၊ ထိုင်းကျောင်းသူလေး သေဆုံးမှုသည် ဓား (ထိုးသွင်းဒဏ်ရာ) (၁၇) ချက်ဖြင့် သေဆုံးသည်ဟု ရဲက ထွက်ဆိုခဲ့သော်လည်း မောင်မိုးဇင်အောင် အပါအဝင် လူသတ်မှုဖြင့် စွပ်စွဲခဲ့သည့် လူငယ် ၄ ဦးလုံးတွင် သေဆုံးသူ ထိုင်းကျောင်းသူလေးနှင့် ပတ်သက်သည့် သွေးနှင့် DNA (မျိုးရိုးဗီဇ) များ (လုံးဝ) မတွေ့ခဲ့ရခြင်းတို့ကြောင့်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

စွပ်စွဲခံရသူ မောင်မိုးဇင်အောင်နှင့် မောင်ကျော်စိုးဝင်းတို့အား စစ်ဆေးစဉ် အသက် (၁၈) နှစ်မပြည့်သေးသည့် လူငယ်များအား မိဘအုပ်ထိန်းသူများရှေ့တွင် မစစ်ဆေးမှုသည် တရားမဝင်ကြောင်း တရားရုံးက သုံးသပ်သည်။ 

ထို့ပြင် လူသတ်ရာတွင် အသုံးပြုခဲ့သည့် လက်နက်တွင်ရှိသည့် မျိုးရိုးဗီဇနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ ဦးတွင် ရှိသည့် မျိုးရိုးဗီဇနှင့် မတူညီကြောင်း၊ ၎င်းအပြင် ရဲတပ်ဖွဲ့က တင်ပြခဲ့သည့် လက်နက်သည် လူသတ်မှုတွင် အသုံးပြုခဲ့သည့် လက်နက်မဟုတ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ 

ယင်းအပြင် သေဆုံးသူ၏မိသားစုက တောင်းဆိုထားသည့် လျော်ကြေးငွေကိုလည်း အပြစ်မရှိဟု ဆုံးဖြတ်ခဲ့သည့်အတွက် ပေးစရာမလိုကြောင်း တရားရုံးက ဆုံးဖြတ်ချက် ချလိုက်သည်။ 

“အယူခံအောင်လို့ပဲ အခုသူတို့ မြန်မာပြည်ကို ပြန်လို့ရနေပြီ။ အခုက တရားရုံးအမိန့်ကို နားထောင်ဖို့ဆိုပြီး ခဏခေါ်လာတာပါ။ လူငယ်တရားရုံးပေါ့။ လူကြီးတရားရုံးက ဆုံးဖြတ်ပြီးတာ ဖြစ်တယ်။ အမှုမှာ လေးယောက်ရှိတယ်။အဲဒီမှာ အသက် ၁၈နှစ်ကျော်တာက နှစ်ယောက်ကို လူကြီးတရားရုံးက ဆုံးဖြတ်တယ်၊ ဖမ်းခံရချိန်မှာအသက် ၁၈နှစ် အောက်ဆိုတော့ အဲဒီကလေးတွေက ၁၅ နှစ်၊ ၁၆ နှစ်ပဲ ရှိသေးတယ်”ဟု ဦးထူးချစ်က ပြောကြားသည်။ 

စိုင်းဟန်


  • VIA