News

POST TYPE

LATEST NEWS POST

ခရီးသည် သုံးဦးကို ရိုက်နှက်၍ အငှားယာဉ်ဖြင့် လုယက်မှုကျူးလွန်သည့်အဖွဲ့ကို ဖမ်းမိ
25-Aug-2019
ရန်ကုန်၊ သြဂုတ် ၂၅

လှိုင်မြို့နယ်၊ (၁၅)ရပ်ကွက်၊ ပါရမီလမ်းဆုံတွင် အငှားယာဉ်ပေါ် လိုက်ပါလာသည့် ခရီးသည်အမျိုးသား သုံးဦးကို တုတ်ဖြင့်ရိုက်နှက်၍ ငွေ၊ ရွှေလက်စွပ်နှင့် လက်ကိုင်ဖုန်းများ လုယူခဲ့သည့်အဖွဲ့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လုယက်ခံရသည့် အမျိုးသားသုံးဦးမှာ သြဂုတ် ၂၄ ရက် နံနက် ၃ နာရီခွဲက ဘုရင့်နောင်ပွဲရုံမှ ၎င်းတို့နေထိုင်ရာ စမ်းချောင်းမြို့နယ်သို့ ဖီဒါအငှားယာဉ်တစ်စီးနှင့် ပြန်လာစဉ် ပါရမီလမ်းဆုံအရောက် ယာဉ်မောင်းက ယာဉ်ကို ရပ်တန့်ခဲ့ပြီး ကားနောက်ဖုံးထဲတွင် လိုက်ပါလာသော အမည်မသိ အမျိုးသားတစ်ဦးက ခရီးသည် တစ်ဦးအား ဓားဖြင့်ထောက်၍ “ပါတာအကုန်ထုတ်ပေးရန်” ပြောဆိုခဲ့သည်။

ယင်းသို့ ပြောဆိုနေစဉ် ယာဉ်မောင်းနှင့် ယာဉ်ရှေ့ခန်းတွင် လိုက်ပါလာသော အမျိုးသားတစ်ဦးက တုတ်၊ သံချောင်းများဖြင့် ခရီးသည်အမျိုးသား သုံးဦးအား ဝိုင်းရိုက်နှက်ပြီး ဖုန်းသုံးလုံး၊ ရွှေလက်စွပ်တစ်ကွင်းနှင့် ငွေကျပ် လေးသောင်းတို့ကို လုယူ၍ ယာဉ်မောင်းနှင်ထွက်ပြေးခဲ့သည်။

ရိုက်နှက်ခံရသည့် ခရီးသည်အမျိုးသားသုံးဦးမှာ ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သောကြောင့် အင်းစိန်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရပြီး လုယက်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်ခဲ့ရာ လှိုင်မြို့နယ်တွင် နေထိုင်သော ဖီဒါအငှားယာဉ်မောင်း နိုင်ရဲလင်း(၂၂)နှစ်ကို ၎င်း၏ နေအိမ်တွင် ဖမ်းမိခဲ့သည်။

ယင်းနောက် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သော ဖြိုးဝေလင်း(ခ) အညာသားနှင့် ဝေယံ(ခ) ပုရစ်တို့ နှစ်ဦးကို ဘုရင့်နောင်လမ်းရှိ ခြောက်သုံးလုံးကားမှတ်တိုင်အနီးတွင် သက်သေခံ လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီး ရမိခဲ့သောကြောင့် ပိတောက်ချောင်းနယ်မြေ ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၉၄(လုယက်မှု)ဖြင့် အမှုဖွင့် အရေးယူ၍ အခြားကျူးလွန်ထားသည့် အမှုများရှိမရှိကို တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03


  • VIA