News

POST TYPE

LATEST NEWS POST

မွန်တွင် သဘာဝဘေးကျရောက်မှု ပြန်လည်ထူထောင်ရေးလုပ်ရန် ရန်ပုံငွေလိုအပ်
22-Aug-2019

မော်လမြိုင်၊ ဩဂုတ် ၂၂

မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးခြင်းနှင့် မြေပြိုခြင်း သဘာဝဘေးအတွက် ရေရှည်ပြန်လည်ထူထောင်ရေးနှင့် လတ်တလော ဖြေရှင်းရမည့်ကိစ္စရပ်များအတွက် ဘဏ္ဍာရန်ပုံငွေလိုအပ်လျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

သဘာဝဘေးကျရောက်ခဲ့သည့် မြို့နယ်များအတွက် ရေရှည်ပြန်လည်ထူထောင်ရေးနှင့် လတ်တလော ဖြေရှင်း၍ရသည့် ကိစ္စရပ်များဟူ၍ ပြည်နယ်အစိုးရက နှစ်ပိုင်းခွဲခြားဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် လတ်တလောဆောင်ရွက်၍ရသည့်ကိစ္စရပ်များကို စီမံဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောဆိုသည်။

“ရေးမှာဆိုရင် လတ်တလော ဖြေရှင်းဆောင်ရွက်ရမယ့် အပိုင်းတွေကတော့ လမ်းတွေပေါ် နုန်းတွေကျန်နေတယ်။ အဲဒါကို စည်ပင်၊ ရဲတပ်ဖွဲ့နဲ့ တပ်မတော်နဲ့ ကျွန်တော်တို့ဘက်က အင်အားတွေပေါင်းပြီး လုပ်ဆောင်တယ်။ စာသင်ကျောင်းတွေ သန့်ရှင်းရေး လုပ်ပေးရတယ်။ ကျောင်းတွေ အမြန်ဆုံး ပြန်ဖွင့်နိုင်ဖို့ လုပ်နေတယ်။ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ၊ စာသင်ခုံတို့ ထိုင်ခုံတို့ အမြန်ဆုံးစီမံနေတယ်။ ပညာရေးဌာနကနေပြီး ရေကြီးနစ်မြုပ်ခဲ့တဲ့ ပုံနှိပ်တို့၊ ဗလာစာအုပ်တို့ကိုတော့ ပညာရေးကနေ အမြန်ဆုံး ထောက်ပံ့နိုင်အောင် ဆောင်ရွက်နေပြီ”ဟု ၎င်းက ရှင်းပြသည်။

အလားတူ ကျိုက်မရောမြို့နယ်တွင်လည်း အတ္ထရံမြစ်ရေမှာ စိုးရိမ်ရေမှတ်အောက်သို့ကျသွားပြီး လက်ရှိတွင် မြို့ပေါ် မြေနိမ့်ပိုင်းရပ်ကွက် ၂ ခုသာလျှင် ရေအနည်းငယ် ကျန်နေသေးကြောင်း၊ အတ္ထရံမြစ်ဘေးနား မြေနိမ့်ပိုင်းရွာများမှာမူ ရေရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါရွာများအတွက် ကျိုက်မရော ရေဘေးကွပ်ကဲရေးစခန်းမှ စားနပ်ရိက္ခာ၊ အသုံးအဆောင်များကို ကားလမ်းပေါက်သည့်နေရာအထိ ကားဖြင့် ပို့ဆောင်ပေးပြီး ကားမပေါက်နိုင်သည့် နေရာများကို လှေဖြင့်ဖြန့်ဝေပေးလျက်ရှိကြောင်း အစိုးရအဖွဲ့ထံမှ သိရသည်။

“ကျိုက်မရောကတော့ ရေပြန်ကျပြီးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ၁၅ ရွာလောက်တော့ ကျန်သေးတယ်။ ကျောင်းတချို့လည်း ပြန်ဖွင့်နေပြီ။ ကျွန်တော်တို့ဘက်မှာဆိုရင် အဓိကလိုအပ်တာက ပညာရေးပိုင်း၊ စိုက်ပျိုးရေး၊ ကျန်းမာရေးပိုင်းရယ်၊ နောက်ပြီး လမ်းပန်းဆက်သွယ်ရေးပိုင်းမှာက အဓိက အရေးကြီးတယ်”ဟု ကျိုက်မရောမြို့နယ်တာဝန်ခံ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ပြောဆိုသည်။

ပညာရေးပိုင်းတွင် စာသင်ခုံ၊ ကျောင်းသုံးစာအုပ်၊ အဝတ်အထည်၊ ကလေးဖိနပ်မှအစ ကလေးအာဟာရအစားအစာများ လိုအပ်နေပြီး စိုက်ပျိုးရေးပိုင်းတွင်လည်း လိုအပ်ချက်များရှိနေကာ ရေနစ်မြုပ်ဧရိယာများပြီး ပျက်စီးဧရိယာကို အတိအကျမသိနိုင်ကြောင်း၊ ကျန်းမာရေးပိုင်းတွင်လည်း လက်ရှိတွင် လာရောက်ကူညီသူများရှိနေသော်လည်း အိမ်သာ၊ ရေတွင်း စသဖြင့် ပြန်လည်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လမ်းပန်းဆက်သွယ်ရေးတွင်လည်း မြေသားလမ်းများမှာ ဆိုးဝါးစွာ ပျက်စီးနေကြောင်း၊ ကတ္တရာလမ်းများမှာလည်း ပေါက်ပြဲမှုများရှိနေရာ လမ်းများမှာ အစိုးရက လုပ်ဆောင်ပေးရမည့်အပိုင်းရှိသကဲ့သို့ ကိုယ့်အားကိုယ်ကိုးလုပ်ဆောင်ရမည့် အပိုင်းများလည်းရှိနေကြောင်း ဝန်ကြီး စောအောင်မြင့်ခိုင်က ရှင်းပြသည်။

သဘာဝဘေးတွင် နေအိမ်ပျက်စီးသွားသူများကို နေအိမ်ပြန်လည်ဆောက်လုပ်ပေးရမည်မှာ ရေရှည်ပြန်လည်ထူထောင်ရေးကိစ္စရပ်ဖြစ်ပြီး သက်ဆိုင်ရာဌာန၊ ပြည်နယ်အစိုးရနှင့် ကာယကံရှင်များ အသေးစိတ် ဆက်လက်ညှိနှိုင်းရမည်ဖြစ်သဖြင့် အချိန်အတိအကျ ပြော၍မရကြောင်း၊ သေဆုံးသူအတွက် ထောက်ပံ့ကြေးကိုလည်း ပြည်နယ်က တစ်ဦးလျှင် ကျပ်သုံးသိန်း၊ လူကယ်ပြန်ဝန်ကြီးဌာနမှ တစ်ဦးလျှင် ကျပ်သုံးသိန်း ထောက်ပံ့ပေးရန်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

မွန်ပြည်နယ်အစိုးရအနေနှင့် ၂၀၁၉ ခုနှစ်တွင် သဘာဝ ဘေးအန္တရာယ်ကျရောက်လာပါက အသုံးပြုနိုင်ရန် မွန်ပြည်နယ် အစိုးရ၏ ၂၀၁၈-၁၉ ဖြည့်စွက်ရန်ပုံငွေ ဘတ်ဂျက်တွင် ကျပ်သန်း ငါးရာ လျာထားကြောင်း၊ လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁ ဘီလီယံလျာထားမှုရှိကာ လက်ရှိတွင်လည်း သဘာဝဘေး ကူညီရေးအတွက် လာရောက်လှူဒါန်းထားသည့် ငွေများရှိနေသော်လည်း စာရင်းအတိအကျမသိနိုင်သေးကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးထံမှ သိရသည်။

“ပြန်လည်ထူထောင်ရေးအတွက် ဘဏ္ဍာရန်ပုံငွေက အဓိက လိုအပ်တယ်။ ရန်ပုံငွေရှိမှ ပြန်လည်ထူထောင်ရေးအတွက် အဆင်ပြေပြေ ဆောင်ရွက်နိုင်မှာပါ”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောဆိုသည်။

R-21