News

POST TYPE

LATEST NEWS POST

လားရှိုးတွင် ကျေးရွာအတွင်း လက်နက်ကြီးကျ၍ တစ်ဦးသေဆုံး
20-Aug-2019


လားရှိုး၊ ဩဂုတ် ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ကုန်းဆာကျေးရွာအတွင်းသို့ ဩဂုတ်လ ၁၈ ရက်နေ့ ညပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုကြောင့် စိုင်းအေး (၃၂ နှစ်) မှာ သေဆုံးခဲ့ပြီး ၎င်းသည် တောင်ယာလုပ်ကိုင်သူဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။ 

ဩဂုတ်လ ၁၇ ရက်နေ့နံနက်ပိုင်းက မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့က လားရှိုးမြို့ အမှတ် ၆၈ ခြေလျင်တပ်ရင်းကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ခလရ (၆၈) အနီးရှိ အောင်သစ္စာ တိုးချဲ့ကွက်သစ်အတွင်းသို့ လက်နက်ကြီး ကျည်ထိမှန်ကာ နေအိမ်၂လုံး မီးလောင်ပျက်စီးပြီး သားအမိနှစ်ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။

မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့သည် ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းပိုင်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်နှင့် မူဆယ် ၁၀၅ မိုင်၊ နမ့်ဖတ်ကာ၊ နမ့်စလပ် စသည့် နေရာများအနီးတွင် တိုက်ခိုက်ခြင်း၊ ပြည်ထောင်စုလမ်းပေါ် သွားလာနေသူများကို ပစ်ခတ်ခြင်း၊ လူနာတင်ယာဉ်ကို ပစ်ခတ်ခြင်း၊ တပ်မတော်စစ်ကြောင်းများကို တိုက်ခိုက်ခြင်းနှင့် ပြည်ထောင်စုလမ်း ပြတ်တောက်စေရန် အတားအဆီးများ ပြုလုပ်ခြင်း၊ တံတားများမိုင်းထောင် ဖောက်ခွဲခြင်းနှင့် ကုန်တင်ယာဉ်များကို ပစ်ခတ်ခြင်းတို့ ပြုလုပ်လျက်ရှိသည်။ 

ယင်းသို့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျေးရွာများမှ ဒေသခံ ၈၀၀ ကျော်မှာ လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူ (ရှမ်း) ကျောင်းတွင်လည်းကောင်း၊ လားရှိုးမြို့ရှိ နတ်ရေကန် ဘုန်းတော်ကြီးကျောင်းတွင် ဘုရားဖူးအဖွဲ့များ ၁၀၀ ကျော်ကလည်းကောင်း၊ လားရှိုးမြို့နယ် မိုင်းတင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံ ၅၃၁ ဦး၊ ဝိန်းထန်ဘုန်းတော်ကြီးကျောင်းတွင် ၄၀၀ ဦး၊ မတ်ချီနူးဘုန်းတော်ကြီးကျောင်းတွင်၂၅၀ ဦးတို့သည်လည်း ခိုလှုံနေကြရသဖြင့် တိုက်ပွဲရှောင်သူဦးရေမှာ ၂၀၀၀ ကျော်အထိ ရှိပြီဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။ 

အဆိုပါနေရာများအနက် လားရှိုးမြို့နယ် ဝိန်းထန်ဘုန်းတော်ကြီးကျောင်းနှင့် မတ်ချီနူးဘုန်းတော်ကြီးကျောင်းတို့မှာ နွမ်းပါးမှုကြောင့်တိုက်ပွဲရှောင်သူ အများအပြားကို ထောက်ပံ့ကျွေးမွေးရန် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများ၏ အဆိုအရသိရသည်။

အလားတူ ကွတ်ခိုင်မြို့နယ်အတွင်း၌လည်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ကျေးရွာများမှ ဒေသခံရွာသားများမှာ ဘေးလွတ်ရာ နီးစပ်သည့် တောတောင်များအတွင်း သွားရောက်ပုန်းခိုနေထိုင်ရလျက်ရှိသည်။  

R-07


  • VIA