News

POST TYPE

LATEST NEWS POST

တိုက်ပွဲများကြောင့် ဒေါ်လာဈေး ရုတ်တရက်မြင့်တက်
18-Aug-2019

ရန်ကုန်၊ ဩဂုတ် ၁၇

မြောက်ပိုင်းမဟာမိတ်အဖွဲ့သုံးဖွဲ့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ပြည်တွင်း၌ တရုတ်-မြန်မာကုန်စည် စီးဆင်းမှုရပ်တန့် နေသကဲ့သို့ ယခုအခါ အမေရိကန်ဒေါ်လာ ဈေးနှုန်းရုတ်တရက် မြင့်တက်လာကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

ဒေါ်လာဈေး ငြိမ်သက်နေသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း ဩဂုတ်လ ၁၅ ရက်နေ့က ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် တအောင်း ပလောင်အဖွဲ့ (TNLA)  ပူးပေါင်းအဖွဲ့၏ နောင်ချိုနှင့် ပြင်ဦးလွင်တို့တွင် တိုက်ခိုက်မှုများကြောင့် ပြည်တွင်းဘဏ်များမှ ငွေများထုတ်ပြီး ဒေါ်လာများ ဝယ်ယူနေကြခြင်းကြောင့် ဒေါ်လာဈေး ရုတ်တရက် မြင့်တက်လာခြင်းဖြစ်ကြောင်း ငွေလဲကောင်တာများထံမှ သိရသည်။

“ဒေါ်လာအရောင်းအဝယ်မှာ အဝယ်လိုက်လာတယ်။ အဓိက စစ်ပွဲတွေကြောင့် ကြောက်လန့်ပြီး ဘဏ်တွေက ပိုက်ဆံထုတ်ပြီး ဒေါ်လာတွေလိုက်ဝယ်နေကြတာ”ဟု Myanmar Sunflower ငွေလဲကောင်တာမှ ကိုအတူးလေးက ပြောဆိုသည်။

အမေရိကန်ဒေါ်လာဈေးသည် တစ်ဒေါ်လာလျှင် ကျပ် ၁၅၁၀ ဝန်းကျင် ဖြင့် ငြိမ်သက်နေရာမှ ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ စတင်မြင့်တက်လာကာ ယခုအခါ တစ်ဒေါ်လာလျှင် ၁၅၂၀ ကျပ် ဝန်းကျင်သို့ မြင့်တက်လာကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

ယင်းစစ်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက ဒေါ်လာဈေးဆက်လက် မြင့်တက်နိုင်ပြီး စစ်ပွဲများ ငြိမ်သက်သွားမှသာလျှင် ဒေါ်လာဈေးနှုန်းပြန်လည်ကျဆင်းလာမည်ဖြစ်ကြောင်း ငွေကြေးဈေးကွက်ကျွမ်းကျင်သူများက ဆိုသည်။

“အခုက ပြည်ပအခြေအနေကြောင့် ဘယ်လိုမှ မတက်နိုင်ဘူး။ ပြည်တွင်းအခြေအနေကြောင့်ပဲ”ဟု ငွေကြေးဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ပြောဆိုသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၅ နာရီမှ စတင်၍ နောင်ချိုမြို့ရှိ အမှတ် ၁၁၅ ခြေလျင် တပ်ရင်း၊ နောင်ချိုစစ်ဆေးရေးဂိတ်၊ နောင်ချိုတိုးဂိတ်၊ ဂုတ်တွင်းတံတား၊ ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်၊ ပြင်ဦးလွင်မြို့အဝင်ဂိတ်ဟောင်း၊ မူးယစ်ဆေးဝါး စစ်ဆေးရေးစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ယင်းအဖွဲ့ကို အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ယင်းအဖွဲ့သည် ဩဂုတ်လ ၁၇ ရက် နေ့တွင်လည်း လားရှိုးမြို့တစ်ဝိုက် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့၍ လူ ၁ ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်။ 

S-04