News

POST TYPE

LATEST NEWS POST

မလွှဲတောင်လမ်းပိုင်းတွင် ကားငယ်များ စဖြတ်ခွင့်ပြု
16-Aug-2019

ထားဝယ်၊ သြဂုတ် ၁၆

ရေကြီး မြေပြိုကျမှုကြောင့် ဆက်သွယ်ရေး ပြတ်တောက်နေသည့် တနင်္သာရီတိုင်း-ရန်ကုန်လမ်းမကြီး၏ မလွှဲတောင်လမ်းပိုင်းတွင် ဘေလီတံတား တည်ဆောက်ပြီးဖြစ်သည့်အတွက် သြဂုတ်လ ၁၆ ရက်တွင် ကားငယ်များ ဖြတ်သန်းခွင့်ပြုနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။

ညနေ သုံးနာရီခွဲခန့်မှ စဖြတ်သန်းခွင့်ပြုနေပြီး ည ၇ နာရီခန့်အထိ ခွင့်ပြုမည်ဖြစ်ကြောင်း လမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသက်ဇော်ဝင်းက ပြောသည်။

ကားငယ်များဖြတ်သန်းပြီးပါက လိုအပ်နေသည့်အပိုင်းကို ချက်ချင်းပြုပြင်ပြီး သြဂုတ်လ ၁၇ ရက်နေ့မှစတင်ကာ ယာဉ်နှင့်ကုန် ၂၄ တန်အထိရှိသည့် ကားကြီးများကို ဖြတ်သန်းခွင့်ပြုတော့မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ကားအသေးတွေ ဖြတ်ပြီးရင်တော့ ကျွန်တော်တို့က ကျသွားတဲ့အပိုင်းကို နည်းနည်း ပြန်ဖြည့်ရအုန်းမှာပေါ့”ဟု ဦးသက်ဇော်ဝင်းက ဆိုသည်။

တံတားပြီးစီးပါက ၂၄ တန်ထက် ပိုသော ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းခွင့်မပေးဘဲ ကုန်ပစ္စည်းကိုကားငယ်များဖြင့် တစ်ဆင့်ခံသယ်ယူရန် ကြပ်မတ်ရန်ညွှန်ကြားထားကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရကပြောသည်။

“လက်ရှိ ဘေလီတံတားခံနိုင်ရည်က ၂၄ တန်ပဲရှိတယ်”ဟု ဝန်ကြီးဦးအောင်သူရက ပြောသည်။

အဆိုပါလမ်းပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် သြဂုတ်လ ၁၀ ရက်နေ့တွင် လမ်းမပေါ် မြေပြိုကျခြင်း၊ လက်ရှိ ဘေလီတံတား ဆောက်နေသည့်နေရာတွင် အရှည်ပေ ၁၀၀ ကျော် လမ်းသားပဲ့ကျသွားခြင်းများ ဖြစ်ပွားခဲ့သည်။

လက်ရှိ တည်ဆောက်နေသည့် ဘေလီတံတားမှာ အရှည်ပေ ၁၂၀ ရှိပြီး သွားလာရေး အဆင်ပြေစေရန် ယာယီ တည်ဆောက်ခြင်းသာဖြစ်ပြီး နောက်ပိုင်းတွင် တံတားအသစ်တစ်စီး ထပ်မံ တည်ဆောက်မည်ဖြစ်ကြောင်း ဦးအောင်သူရက ဆိုသည်။

မလွှဲတောင်လမ်းပိုင်း မြေပြိုကျနေသည့်နေရာများတွင် လတ်တလောသွားလာနိုင်ရန် ကားတစ်စီးသွားလာနိုင်မည့် အကျယ်အဝန်းကိုသာ ရှင်းလင်းထားသည့်အတွက် အတက်၊ အဆင်းကို တစ်လှည့်စီ သွားလာစေမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

၂၄ တန်ထက် ပိုမိုသည့်ယာဉ်များ ဖြတ်သန်းမှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနက ကြပ်မတ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးထံမှ သိရသည်။

Dawei Watch