News

POST TYPE

LATEST NEWS POST

AA လက်နက်ကိုင် ၂ ဦးကို ကချင်ပြည်နယ်တွင် ဖမ်းဆီးရမိ
23-Jul-2019
ရန်ကုန်၊ ဇူလိုင် ၂၃

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) မှ တပ်ဖွဲ့ဝင် ၂ဦးကို ကချင်ပြည်နယ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇူလိုင်လ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

ဇူလိုင်လ ၂၁ ရက်နေ့က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ တောင်ဘက် ၁၅ မိုင်ခန့်အကွာတွင် မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများကိုစစ်ဆေးနေစဉ် ဗန်းမော်မြို့မှ မြစ်ကြီးနားသို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးကိုစစ်ဆေးရာတွင် AA လက်နက်ကိုင်အဖွဲ့မှ တပ်သားအဆင့်ရှိသူနှစ်ဦးကိုဖမ်းဆီးခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့နှစ်ဦးသည် AA လက်နက်ကိုင်အဖွဲ့၏ ကဒုံကစင်စခန်း (ဒေသအခေါ်)မှ ထွက်ပြေးလာသူများဖြစ်ကာ တပ်သားအဆင့်ရှိ လှအောင်ထွန်း (ဘ) ဦးဒိုးအောင်နှင့် ကျော်နိုင်စိုး (ဘ) ဦးကျော်သိန်းမောင်တို့ ၂ ဦးဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ထို့ပြင် ၎င်းတို့နှစ်ဦးသည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ စပါးဆိပ်ကျေးရွာတွင်နေထိုင်သူများဖြစ်ကာ ၂၀၁၆ ခုနှစ်တွင် ဖားကန့်၌ ရေမဆေးကျောက်ရွာဖွေရန်လာရောက်စဉ် AA အဖွဲ့သို့ဝင်ရန် စည်းရုံးသဖြင့် စည်းရုံးသူနှင့်အတူ မူဆယ်မှတစ်ဆင့် တစ်ဖက်နိုင်ငံလမ်းကြောင်းအတိုင်း လိုင်ဇာသို့သွားရောက်ကာ AA အဖွဲ့တွင် စစ်သင်တန်းတက်ရောက်ခဲ့သူများဖြစ်ကြောင်းလည်း တပ်မတော်ထုတ်ပြန်ချက်အရ သိရသည်။

သင်တန်းဆင်းပြီးနောက် (ဒေသအခေါ်) ကဒုံကစင်စခန်းသို့ ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ အဆိုပါစခန်း၌ တာဝန်ထမ်းဆောင်နေစဉ် ၎င်းတို့၏ အထက်အရာရှိများမှ နေ့စဉ် အလုပ်ကြမ်းများစေခိုင်းခြင်း၊ ဆူဆဲရိုက်နှက်ခြင်း၊ လစာမရရှိခြင်းတို့အပြင် ရခိုင်ပြည်နယ်ဘက်သို့ အင်အားဖြည့်တင်းရန်အတွက် တပ်သားသစ်များပို့ဆောင်ရန် စီစဉ်နေကြောင်း ကြားသိရသဖြင့် ယခုကဲ့သို့ထွက်ပြေးလာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယင်းဖမ်းဆီးရမိသူများကို တရားဥပဒေအရ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။

J-08