News

POST TYPE

LATEST NEWS POST

ရွှေဘိုမြို့တည်နန်းတည် ၂၆၆ နှစ်ပြည့်ပွဲ ပထမဆုံးအကြိမ် ကျင်းပ
22-Jul-2019


မန္တလေး၊ ဇူလိုင် ၂၂

နှစ်ပေါင်း၂၆၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရွှေဘိုမြို့ မြို့တည်နန်းတည် ၂၆၆ နှစ်ပြည့်အခမ်းအနားကို ဇူလိုင်လ ၂၂ ရက်နေ့က ရွှေဘိုမြို့၊ ရတနာသိင်္ခရွှေဘုံရတနာ မင်္ဂလာနန်းတော်၌ ပြုလုပ်ခဲ့ကြောင်း မြန်မာတော်ဝင် အနွယ်တော်များအစည်းအရုံးထံမှ သိရသည်။

အလောင်းမင်းတရားကြီး၏ ဂုဏ်ကျေးဇူးကို ပြန်လည်ဖော်ထုတ်ရန်နှင့် နိုင်ငံ၏ယဉ်ကျေးမှု၊ အမျိုးသားရေးလက္ခဏာများကို ပြန်လည်ဖော်ထုတ်ရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း မြန်မာတော်ဝင်အနွယ်တော်များအစည်းအရုံး အတွင်းရေးမှူး မက္ခရာသီဟက ပြောကြားသည်။

“ရွှေဘိုမြို့တည်နန်းတည်ကတော့ ပထမဆုံးအကြိမ်ပြုလုပ်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ အလောင်းဘုရားကြီးရဲ့ နတ်ပြည်စံသက် မတကဘတ် (ကွယ်လွန်သူကိုရည်မှန်း) ဆွမ်းကပ်လှူခဲ့တာတွေပြုလုပ်ခဲ့တယ်။ ဒီလိုလုပ်နေတာကနေ ဆရာတော်ကြီးတွေရဲ့ အကြံပြုချက်တွေအရ မြို့တည်နန်းတည်ပွဲလုပ်ခဲ့တာဖြစ်ပါတယ်။

မတကဘတ်ကိုမလုပ်တော့ဘဲနဲ့ မြို့တည်နန်းတည်ကိုပဲ လုပ်တော့တာဖြစ်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။ အဆိုပါအခမ်းအနားတွင် ကုန်းဘောင်မင်းဆက် ၁၁ ဆက်ကိုရည်စူး၍ သံဃာတော် ၁၁ ပါးကို လှူဖွယ်ပစ္စည်းများအား လှူဒါန်းခြင်း၊ နေ့ဆွမ်းဆပ်ကပ်ခြင်း၊ ရွှေဘိုမြို့တည်နန်းတည် ၂၆၆ နှစ်ပြည့်ကို ရည်မှန်း၍ သံဃာတော် ၂၆၆ ပါးကို ဆွမ်းဆန်းစိမ်းလောင်းလှူခြင်းတို့ပြုလုပ်ခဲ့သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ကို အလောင်းမင်းတရားကြီးက ခရစ်သက္ကရာဇ် ၁၇၅၂ တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

M-05