News

POST TYPE

LATEST NEWS POST

ရာထူးတိုးကိစ္စ အဆင်မပြေပါက တက္ကသိုလ်လက်ထောက်ကထိကများ ဆန္ဒပြမည်
20-Jul-2019
ရန်ကုန်၊ ဇူလိုင် ၂၀

နောက်တိုးဝန်ထမ်းများနှင့် အတူတူ ရာထူးတိုးပေးပါက ဝါစဉ်အရ နစ်နာမှုများရှိသည့်အတွက် ပညာရေးဝန်ကြီးဌာနကို ဆန္ဒပြသွားမည်ဖြစ်ကြောင်း ၂၀၀၉ ခုနှစ်မှစတင်၍ ဝန်ထမ်းဖြစ်ခဲ့သော တက္ကသိုလ် လက်ထောက်ကထိကများက ပြောသည်။

ဝါစဉ်အရ မတူညီသူများကို ရာထူး အတူတူ တိုးပေးခြင်းနှင့်ပတ်သက်၍ ဇူလိုင် ၂၀ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်တွင် တက္ကသိုလ် လက်ထောက် ကထိကများက သတင်းစာရှင်းလင်းပွဲပြုခဲ့ကာ ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ် ဆရာ၊ ဆရာမများအတွက် ၃ နှစ်လျှင်တစ်ကြိမ် ရာထူးတိုးမြှင့်လေ့ရှိပြီး ၂၀၁၆ ခုနှစ်က လက်ထောက် ကထိကရာထူးတိုးရာတွင် ၂၀၀၉ ခုနှစ်က ခန့်အပ်ခဲ့သူများနှင့် ၂၀၁၂ ခုနှစ် ခန့်အပ်သူများကို တစ်ပြိုင်တည်း ရာထူးတိုးပေးခဲ့သည့်အတွက် မကျေနပ်မှုများဖြစ်ပေါ်ခဲ့ပြီး အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း မအူပင်တက္ကသိုလ်၊ ဓာတုဗေဒဌာနမှ လက်ထောက်ကထိက ဦးနေစိုးမိုးကဆိုသည်။

“ညှိနှိုင်းမှု အဆင်မပြေဘူး။ လစ်လပ်တဲ့နေရာပဲ တိုးမယ်ပြောတယ်”ဟု ၎င်းကဆိုသည်။ 

ယခုနှစ် ၂၀၁၉ ခုနှစ်တွင်လည်း ရာထူးတိုးအစီအစဉ်ရှိပြီး ၂၀၁၂ ခုနှစ်က ဝန်ထမ်းဖြစ်ခဲ့သော ဆရာ၊ ဆရာမများနှင့် အတူတူ ရာထူးတိုးပေးမည်ဆိုပါက အမှုထမ်းလုပ်သက်နှင့် ဝါစဉ်အရ နစ်နာမှုများရှိနေ၍ ပြန်လည်စဉ်းစားပေးသင့်ကြောင်း ဦးနေစိုးမိုးက ပြောသည်။

ထိုကဲ့သို့ ရာထူးတိုး မညီမျှခြင်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် ပြန်လည်စဉ်းစားရန်လိုအပ်ပြီး ကာလအချိန်ခြားကာ ရာထူးတိုးသင့်ကြောင်း၊ ထူးခြားမှုမရှိပါက ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်၊ မြန်မာစာဌာနမှ လက်ထောက်ကထိက ဦးမင်းဇင်ကဆိုသည်။

“နိုင်ငံတော်သမ္မတကစပြီး စာတင်မယ်။ ညှိနှိုင်းမယ်။ ဆွေးနွေးမယ်။ နောက်ဆုံးမရရင် ဆန္ဒပြဖို့အဆင့်ပဲရှိတော့တယ်”ဟု ၎င်းကပြောသည်။

၂၀၀၉ ခုနှစ် လက်ထောက်ကထိက ဆရာ၊ ဆရာမများမှာ စုစုပေါင်း ၁၂၁၂ ဦးရှိပြီး ၂၀၁၂ ခုနှစ်ခန့် လက်ထောက် ကထိကဆရာ၊ ဆရာမများမှာ ၁၅၄၅ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ 

အေးချမ်းသူ