News

POST TYPE

LATEST NEWS POST

မြိတ်တွင် ဝယ်သူဟန်ဆောင်ပြီး ရွှေထည်များ လုပြေး
20-Jul-2019
မြိတ်၊ ဇူလိုင် ၂၀

မြိတ်မြို့ ဆိပ်ငယ်ဈေးကြီးအပြင်တန်းရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဇူလိုင်လ ၁၈ ရက်က ရွှေဝယ်မည့်သူဟန်ဆောင်ပြီး ရွှေထည်များ လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။

ဆိုင်ကယ်ဦးထုပ်ဆောင်းထားပြီး နှာခေါင်းပိတ်(Mask) တပ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးမှာ ရွှေဆိုင်ရှိ ရွှေထည်များအား ပြသခိုင်းကာ စမ်းသပ်ဝတ်ဆင်ပြီးနောက် ငွေလုံလောက်မှု မရှိသည့်အတွက် ဖုန်းဆက်ပြီး မှာယူခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

"ပိုက်ဆံ ၇ သိန်းလာပေးပါလို့ ဖုန်းဆက်လိုက်တာ"ဟု မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ချိုလွင်က ပြောသည်။

ဖုန်းဆက်ပြီး ခဏအကြာ ဆိုင်ကယ်ဦးထုပ်နှင့် မိုးကာခြုံထားသည့် အမျိုးသားတစ်ဦးမှာ ဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့သဖြင့် ရွှေဝယ်သူအမျိုးသမီးမှာ ငွေထွက်ယူဟန်ဖြင့် ထွက်သွားခဲ့ပြီး ဆိုင်ကယ်ပေါ်တက်ကာ မောင်းထွက်ပြေးသွားခဲ့ကြောင်းစခန်းမှူးက ပြောပြသည်။

ယင်းကဲ့သို့ ထွက်ပြေးသွားသဖြင့် နှစ်ကျပ်သား ရွှေဆွဲကြိုးတစ်ကုံး၊ တစ်ကျပ်သား ဟန်းချိန်းတစ်ကုံးနှင့် ငါးမူးသားဆွဲသီးတစ်ခု စုစုပေါင်း ကာလတန်းဖိုး ကျပ် ၃၈ သိန်းခန့် တန်ဖိုးရှိ ရွှေထည်များပါသွားခဲ့ကြောင်း ရဲစခန်းမှ သိရသည်။

ရွှေထည်များအား ရွှေဝယ်ဟန်ကာ လုယူထွက်ပြေးမှုနှင့်ပတ်သက်၍ ရွှေဆိုင်ပိုင်ရှင်က အမှုဖွင့်တိုင်ကြားခဲ့သဖြင့် ရာဇာသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း မြို့မရဲစခန်းမှ သိရသည်။

ထို့ပြင် ဇူလိုင်လ ၁၂ ရက်က ဆိပ်ငယ်ဈေးကြီးရှိ ရွှေဆိုင်တစ်ဆိုင်တွင်လည်း အမျိုးသမီးတစ်ဦး ရွှေဝယ်ယူနေစဉ် ခါးပိုက်နှိုက်ခံခဲ့ရသည်။

Dawei Watch