News

POST TYPE

LATEST NEWS POST

ထားဝယ်တွင် ယခုလအတွင်း H1N1 ရောဂါပိုးရှိသူ နှစ်ဦးတွေ့
19-Jul-2019
ထားဝယ်၊ ဇူလိုင် ၁၉

ထားဝယ်ဒေသတွင် ယခုလအတွင်း H1N1 ရောဂါပိုးတွေ့သူ နှစ်ဦးရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ တိုးချဲ့ကာကွယ်ဆေး/ကူးစက်ရောဂါနှိမ်နင်းရေးအဖွဲ့ထံမှ သိရသည်။

ထားဝယ်ဆေးရုံကြီးတွင် တက်ရောက်ကုသနေသူတစ်ဦးနှင့် ဆေးရုံကြီးရှိ အရေးပေါ်လူနာဌာနတွင် လာရောက်ပြသသူ တစ်ဦးတို့တွင် H1N1 ပိုးတွေ့ရကြောင်း အထက်ပါအဖွဲ့ခေါင်းဆောင် ဒေါက်တာမြတ်ဖြူပြာအေးက ဆိုသည်။

လူနာနှစ်ဦးစလုံးမှာ အမျိုးသမီးများဖြစ်ကြပြီး ရေဖြူမြို့နယ်နှင့် ထားဝယ်မြို့တွင်နေသူတို့ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါအမျိုးသမီးနှစ်ဦးမှာ တုပ်ကွေးရောဂါဖြစ်ပွားနေပြီး H1N1 ရောဂါသံသယရှိသည့်အတွက် ဓာတ်ခွဲစစ်ဆေးရန် လူနာ၏ နှာခေါင်းအတွင်းမှအရည်တစ်မျိုးကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ဓာတ်ခွဲခန်း) သို့ ဇူလိုင်လ ၇ ရက်နေ့က ပေးပို့ခဲ့ကြောင်း ဒေါက်တာမြတ်ဖြူပြာအေးက ဆိုသည်။

ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ဆေးရုံတက်ကုသနေသည့် အမျိုးသမီးတွင် H1N1 (A) အမျိုးအစားဖြစ်ပွားနေပြီး ဆေးရုံကြီးအရေးပေါ်လူနာဌာနသို့ လာရောက်ပြသသည့် အမျိုးသမီးတွင် H1N1 (B) အမျိုးအစား ဖြစ်ပွားနေသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။

ရာသီတုပ်ကွေး H1N1 တွင် A၊ B ၊ C ၊ D ဟူ၍ အုပ်စုအမျိုးအစား ၄ ခုရှိပြီး D အမျိုးအစားက လူတွင် ဖြစ်ပွားခြင်းမရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။

“အခုလောလောဆယ် ထားဝယ်မှာနှစ်ယောက်၊ ကျန်တဲ့နေရာတွေမှာတော့ မထွက် (မရှိသေး) သေးဘူး”ဟု ဒေါက်တာမြတ်ဖြူပြာအေးက ပြောသည်။

လက်ရှိတွင် H1N1 (A) အမျိုးအစားဖြစ်ပွားနေသည့် ဆေးရုံတက်ကုသနေရသည့် အမျိုးသမီးမှာ သက်သာပြီဖြစ်သည့်အတွက် ဇူလိုင်လ ၁၁ ရက်နေ့က ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း ဒေါက်တာမြတ်ဖြူပြာအေးက ဆိုသည်။

ဆေးရုံကြီး အရေးပေါ်လူနာဌာနတွင် လာရောက်ပြသသည့် အမျိုးသမီးကိုလည်း ရောဂါအခြေအနေမဆိုးရွားသည့်အတွက် ရက်ချိန်းပြန်ခေါ်ကာ ကုသပေးခဲ့ကြောင်း ၎င်းက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ တနင်္သာရီတိုင်းအတွင်း ဇူလိုင်လ ၁၄ ရက်နေ့အထိ ရောဂါသံသယရှိသူ ၅ ဦးအား ဓာတ်ခွဲစစ်ဆေးရာ ၃ ဦးတွင် H1N1 ရောဂါပိုးတွေ့ကြောင်း ဖော်ပြထားသည်။

ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သံသယလူနာ ၅ ဦးအနက် ၂ ဦးမှာ ထားဝယ်ဆေးရုံကြီးတွင် လာရောက်ပြသသူများဖြစ်ပြီး ကျန် ၃ ဦးမှာ ရန်ကုန်မြို့ရှိ ဆေးရုံတွင် သွားရောက်ပြသသူများဖြစ်ကြောင်း တိုးချဲ့ကာကွယ်ဆေး/ကူးစက် ရောဂါနှိမ်နင်းရေးအဖွဲ့ထံမှ သိရသည်။

ရာသီတုပ်ကွေး (H1N1) ရောဂါလက္ခဏာများမှာ ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နှင့်အထက်ရှိခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးခွေခြင်းများဖြစ်ပြီး ယင်းရောဂါ လက္ခဏာများဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနနှင့် ဆေးရုံ၊ ဆေးခန်းများတွင် ကုသမှုခံယူသင့်ကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။

နိုင်ငံတဝန်းတွင် H1N1 ကြောင့် သေဆုံးသူအရေအတွက်မှာ ဇူလိုင်လ ၁၈ ရက်နေ့အထိ ၆၂ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Dawei Watch


  • VIA