News

POST TYPE

LATEST NEWS POST

လူငယ်များအတွက် မှန်ကန်သည့် လမ်းညွှန်မှုနှင့် ထောက်ပံ့မှုများ ဖန်တီးပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
17-Jul-2019


ရန်ကုန်၊ ဇူလိုင် ၁၇

လူငယ်များကို မှန်ကန်သည့် ထောက်ပံ့မှုနှင့် ကောင်းမွန်သည့် လမ်းပြမှုများ ဖန်တီးပေးမှသာ နိုင်ငံတိုးတက်ရေးတွင် လူငယ်များလည်း ပါဝင်လာကြမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၎င်းက ဇူလိုင်လ ၁၇ ရက်နေ့က Yangon Innovation Center ဖွင့်ပွဲအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“လူငယ်တွေဟာ ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ စွမ်းအားတွေ ရှိကြပါတယ်။ အခု စတုတ္ထမြောက် စက်မှုခေတ်အပြင် နောင်လာမယ့် ပဉ္စမမြောက်၊ ဆဋ္ဌမမြောက် ခေတ်တွေကို ကူးပြောင်းရာမှာ လူငယ်တွေရဲ့ အင်အားက အဓိကဖြစ်ပါတယ်။ ဒီကနေ့ ဖွင့်လှစ်လိုက်တဲ့ ရန်ကုန် ဆန်းသစ် တီထွင်မှု ဗဟိုဌာနဟာ ကျွန်မတို့ရဲ့ လူငယ်တွေအတွက် နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုကို အားပေးမြှင့်တင်နိုင်ဖို့ စတင်လိုက်တဲ့ ကနဦး ခြေလှမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်”ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

တိုးတက်မှုကို အမီလိုက်နိုင်ရန် ပညာရေးစနစ်ကို အဆင့်မြှင့်တင်ပေးရန်လိုအပ်သလို အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးစနစ်နှင့် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကို ပြုပြင်ပြောင်းလဲ အားပေးမြှင့်တင်ရန်လိုကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

လူငယ်များအနေနှင့် ဆန်းသစ် တီထွင်မှု ဗဟိုဌာနတွင် နည်းပညာ အခြေပြုသော စီးပွားရေးလုပ်ငန်းများအား ကိုယ်ထူကိုယ်ထ ထူထောင်လာနိုင်မှာဖြစ်ပြီး၊ ဆန်းသစ်သော တီထွင်မှုများ ပေါ်ပေါက်လာပါက ဒစ်ဂျစ်တယ်ဈေးကွက်ဝင် ထုတ်လုပ်မှုများ ပြုလုပ်နိုင်မှာဖြစ်ကြောင်း၊ ဆန်းသစ်ဖန်တီးမှုကဏ္ဍတွင် ပါဝင်ကြသူများအား များနိုင်သမျှ များများအားပေးရန်လိုအပ်ကြောင်း၊ နိုင်ငံအတွက် ဆန်းသစ် တီထွင် ဖန်တီးမှု အသစ်များ တရိပ်ရိပ် တက်လာအောင် ဒီကနေ့ ဖွင့်လှစ်လိုက်သော ရန်ကုန် ဆန်းသစ်တီထွင်မှု ဗဟိုစင်တာမှ လုပ်ဆောင်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း ဆက်လက် ပြောကြားခဲ့သည်။

အစိုးရအနေနှင့် မူဝါဒအပိုင်းနှင့် လိုအပ်သော လုပ်ငန်းစဉ်များအား စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပြီး လူငယ်များ စွန့်ဦးတီထွင် ဆန်းသစ်ဖန်တီးနိုင်ရေးအတွက် ပူးပေါင်းပါဝင်ကူညီကြရန်၊ ပြည်တွင်း ပြည်ပရှိ တက္ကသိုလ်များ၊ လေ့လာဆန်းသစ်မှု ဗဟိုဌာနများ၊ အခြားမိတ်ဆွေ မိတ်ဖက်အဖွဲ့အစည်းများ၊ စေတနာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များအား အလေးအနက် ဖိတ်ခေါ်ပါကြောင်း၊ လိုအပ်သော ပူးပေါင်းပါဝင်မှုများရရှိပါက လာမည့်နှစ်အနည်းငယ်အတွင်း လူငယ်များ၏ စိတ်ကူးသစ်များ၊ အကြံဉာဏ်အသစ်များ ပွင့်ထွက်လာပြီး ဈေးကွက်တင်နိုင်သော ထုတ်လုပ်မှုအသစ်များ၊ ဝန်ဆောင်မှုအသစ်များနှင့် အလုပ်အကိုင် အခွင့်အလမ်းအသစ်များ ဖန်တီးပေးနိုင်မှာဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း မိမိတို့နိုင်ငံ၏ စီးပွားရေးကို နည်းပညာအရ အထောက်အကူ ဖြစ်လာမှာဖြစ်ကြောင်း၊ သို့သော် နည်းမှန်၊ လမ်းမှန်၊ စိတ်ဓာတ်မှန်ဖြင့် စနစ်တကျ ချိတ်ဆက်ဆောင်ရွက်နိုင်မှသာ အောင်မြင်မှုရရှိနိုင်မှာဖြစ်ကြောင်း၊ ဒီကနေ့ ဖွင့်လှစ်လိုက်သည့် ဗဟိုဌာနမှ စွန့်ဦးတီထွင်ဆန်းသစ် ဖန်တီးသူလူငယ်များ အမြောက်အမြား ထွက်ပေါ်လာနိုင်ပြီး မိမိတို့နိုင်ငံနှင့် ပြည်သူများအတွက် အောင်မြင်မှု ခရီးလမ်းမှတစ်ဆင့် ကမ္ဘာသူ၊ ကမ္ဘာသားများ အေးချမ်းတိုးတက်ရာသို့ ပို့ဆောင်နိုင်ကြပါစေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

Yangon Innovation Center တွင် စိတ်တူကိုယ်တူ ရှိသူများနှင့် ပူးပေါင်း အလုပ်လုပ်နိုင်ရန် ဈေးနှုန်းသင့်တင့်သည့် လုပ်ငန်းခွင်နေရာ၊ စီးပွာရေးအဟုန် မြှင့်တင်ပေးမှု၊ စီးပွားရေး တည်ထောင်မှု အထူးသင်တန်း၊ စွန့်ဦးတီထွင် လုပ်ငန်းတစ်ခု တည်ထောင်ရန်အတွက် လိုအပ်သည့် ဆန်းသစ်တီထွင်ခြင်း၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပညာရပ်များကို လက်တွေ့သင်ကြားပေးသည့် ၆ လတာ အထူးသင်တန်း၊ တီထွင်ဖန်တီးမှု၊ ဆန်းသစ်ဖန်တီးမှုနှင့် စွန့်ဦးတီထွင်မှုဆိုင်ရာ စီးပွား၊ စီမံ၊ နည်းပညာနှင့် သက်ဆိုင်သည့် အပတ်စဉ်ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲနှင့် နှီးနှောဆွေးနွေးပွဲများအား ပြုလုပ်နိုင်မည်ဖြစ်သည်။

Yangon Innovation Center တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ Yangon Region Young Entrepreneurs Association (YRYEA) ၏ ဦးဆောင်မှုဖြင့် နည်းပညာရပ်ဆိုင်ရာ တီထွင်ဆန်းသစ်မှုပြပွဲများကို ဇူလိုင်လ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် Yangon Innovation Center ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

J-10