News

POST TYPE

LATEST NEWS POST

ရန်ကုန်မြို့တွင်းမှ ညောင်းတုန်းမြို့အထိ YBS ပြေးဆွဲရန် ကနဦးအဆင့်သဘောတူ
26-Jun-2019

ပုသိမ်၊ ဇွန် ၂၆

လက်ရှိပြေးဆွဲနေသည့် လှိုင်သာယာမှ ညောင်းတုန်းမြို့တင်မကဘဲ ရန်ကုန်မြို့တွင်းမှ ညောင်တုန်းမြို့အထိ YBS ပြေးဆွဲရန် ရန်ကုန်တိုင်းအစိုးရနှင့် ဧရာဝတီတိုင်းအစိုးရတို့ ကနဦးအဆင့်သဘောတူညီမှုရပြီဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံမှ သိရှိရသည်။

ဧရာဝတီတိုင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက “ရန်ကုန်တိုင်းအစိုးရဘက်ကလည်း ဆွဲပေးမယ်ပြောလာတယ်။ ရန်ကုန်-ညောင်တုန်းပြေးဆွဲဖို့ စီစဉ်နေပြီ။ လှိုင်သာယာတင် မဟုတ်တော့ဘူး။ ရန်ကုန်မြို့ထဲအထိ ရောက်မယ်။ အခု စိစစ်နေပြီ”ဟု ပြောကြားသည်။

ယင်းသို့ YBS ပြေးဆွဲနိုင်ရေး၊ လမ်းအဆင့်မြှင့်တင်ရေး တိုင်းအစိုးရနှစ်ရပ်တို့ ဇွန်လ ၂၃ ရက်က တွေ့ဆုံ၊ ဆွေးနွေးပြီးနောက် သဘောတူညီမှု ရခဲ့ခြင်းဖြစ်သည်။ သို့သော် ပြေးဆွဲမှု အစီအစဉ်အသေးစိတ်ကိုမူ ဆက်လက်ဆွေးနွေးရဦးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရထံမှ သိရှိရသည်။

ညောင်တုန်းမြို့နယ်၊ တိုင်းလွှတ်တော်အမတ် ဒေါ်နီနီမိုးက “ညောင်တုန်းက တာဝန်ရှိသူတွေဆီကိုတော့ YBS သီးသန့်ထားဖို့ ကားဝင်းလုပ်ပေးဖို့ပြောတယ်။ ကားဝင်းတွေ၊ ကွန်ကရစ်လမ်းတွေ စီစဉ်ပြီးမှ သူတို့ဆွဲမှာ”ဟု ပြောကြားသည်။

လက်ရှိတွင် လှိုင်သာယာ-ညောင်တုန်းကို နာရီဝက်ခြားတစ်ကြိမ် တစ်စီးနှုန်းပြေးဆွဲနေပြီး ရိုးရိုးကား ၅၀၀ ကျပ်၊ အဲကွန်ကား ၇၀၀ ကျပ်ကျသင့်ပြီး ရန်ကုန်မြို့တွင်းအထိ သွားလိုလျှင် ၂၅၀၀ ကျပ် ပေးရကြောင်း ညောင်တုန်းမြို့ခံများထံမှ သိရှိရသည်။

R-12