News

POST TYPE

LATEST NEWS POST

ငါးလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ တစ်ရာနီးပါးရှိ
26-Jun-2019

ထားဝယ်၊ ဇွန် ၂၆ 

တနင်္သာရီတိုင်းတွင် ယခုနှစ် ငါးလတာကာလအတွင်း ယာဉ်မတော်တဆမှုများကြောင့် လူတစ်ရာနီးပါး သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန စာရင်းအရ သိရသည်။

၂ဝ၁၉ ခုနှစ် ဇန်နဝါရီလမှ မေလကုန်အထိ ယာဉ်မတော်တဆမှု ၂၇၅ မှုဖြစ်ခဲ့ပြီး သေဆုံးသူ ၉၅ ဦးရှိခဲ့သည်။

ယာဉ်အစီးရေ များလာခြင်း၊ အရှိန်ပြင်းထန်စွာ မောင်းနှင်ခြင်းများက သေဆုံးမှုကို ပိုမိုမြင့်တက်စေကြောင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်မောင်အေးက ပြောသည်။

ဇွန်လ ၂ဝ ရက်နေ့က ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အရှိန်ပြင်းထန်စွာ မောင်းနှင်ခြင်းကလည်း အသက်ဆုံးရှုံးမှုကို အဓိကဖြစ်ပေါ်စေတာကို တွေ့ရပါတယ်”ဟု ရဲမှူးကြီးခင်မောင်အေးက ပြောသည်။

တနင်္သာရီတိုင်းတွင် ၂ဝ၁၈ ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၂ဝ၉ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၉၅၇ ဦးရှိကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနစာရင်းအရ သိရသည်။

ထားဝယ်ဒေသတွင် ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း၊ ယာဉ်နံပါတ်မတပ်ခြင်း အစရှိသည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို နေ့စဉ်နီးပါး စစ်ဆေးဖမ်းဆီးနေသည်။

စည်းကမ်းမဲ့ယာဉ်များကို နေ့စဉ်နီးပါး ဖမ်းဆီးနေသော်လည်း အရှိန်ပြင်းစွာ မောင်းနှင်ခြင်းကို ဖမ်းဆီးနိုင်ခြင်းမရှိသည့်အပေါ် ဒေသခံများအကြား ဝေဖန်ပြောဆိုမှုများရှိသည်။

တနင်္သာရီတိုင်းအတွင်း ဆိုင်ကယ်အစီးရေ နှစ်သိန်းကျော်၊ ကားအစီးရေ ရှစ်ထောင်ငါးရာကျော်၊ သုံးဘီးအစီးရေ နှစ်ထောင်ငါးရာကျော်ရှိသည်။

Dawei Watch